Friday, November 25, 2011

အတူပျံသန်းရင်း ပေးဆပ်သူများ

အတူပျံသန်းရင်း ပေးဆပ်သူများ
၂၅.၁၁.၂၀၁၁ (သောကြာ)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ဆထပ်တန်ဖိုး တိုးတတ်၍ ကူညီပံ့ပိုးဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ် နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူ …… အတွက် ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်း အား လာရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက် တည်း ကျင်းပပြုလုပ်ခဲ့သည်။

ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့အား ပေးအပ် ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့သည် ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူ အလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရ ပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု “လူမှုရေးဂီတသူရဲကောင်း MTV” အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများ လည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်း အခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသော နာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုးကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)မှ ပြောကြားရာတွင် မိမိ၏ မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သွားသောအချိန်တွင် မိမိသည် ဗုဒ္ဓဘာသာအား လေ့လာခဲ့ပြီး နောက်ဆုံးတွင် “ကံ ကံ၏အကျိုး” ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည်သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော “Share My Love” နှင့် “ပျံသန်းသွား” သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကို ရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူ လက်တွဲကာ ပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။

ကိုကျော်သူ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes