Thursday, November 17, 2011

အဖွဲ့ချုပ် လူငယ်ထုက ပါတီပြန်လည်မှတ်ပုံတင်ရန် သဘောထားထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့ချုပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ခဲ့သည်။
ယခုအခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဘုံသဘောတူညီချက် မှာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှုပပျောက်ရေးနှင့် အများပြည်သူအကျိုး ဖြစ်ထွန်းမှု စသည့်ကိစ္စများပါဝင်သည်။
အဆိုပါ ဘုံသဘောတူညီမှုကိစ္စများကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူလူထုကြီးမှလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပြန်လည်မှတ်ပုံတင်၍ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန် သဘောထားဆန္ဒများရှိနေခြင်းတို့ကြောင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရန်၊ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှစ်လေးလုံးအရေးတော်ပုံကြီးပြီး နောက် (က) အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာစေရန်၊ (ခ) ရည်ရွယ်ချက် (က) ကြီးကို  ဖြစ်မြောက်စေရန် အဖွဲ့ချုပ်ခေါင်း ဆောင်မှုဖြင့် ပြည်သူလူထု ညီညွတ်မှုအားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေရန်စသည့်အချက်များပါဝင်သည့် ရည်ရွယ်ချက် (၅) ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အစချီဖော်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုကော်မရှင်က ၂၀၁၀ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေပုဒ်မ (၂၅) အရ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ ပြန်လည်လျှောက်ထားရမည်ဟု ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မဖော်ဆောင်နိုင်ဟု ယုံကြည်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်မှတ်ပုံတင်ခြင်းမပြုဟု ဆုံးဖြတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
လက်ရှိအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးကိစ္စများနှင့် တပြိုင်တည်း မြန်မာနိုင်ငံတွင်း အစိုးရသစ်လက် အောက်ခံအဖွဲ့အစည်းများမှာ ယခင်စစ်အစိုးရလက်ထက်ကအတိုင်း ဆက်ဆံရေးမပြောင်းသေးသည့် အခြေအနေကို အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တဦးက “တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေက ဘာမှ မပြောင်းလဲသေးပါဘူး၊ ဘဘဦးဝင်းတင်တို့ ကျနော်တို့ နောက်ကို ရဲကလိုက်နေတုန်း၊ အဖွဲ့ချုပ်ရုံးရှေ့မှာ ထောက်လှမ်းရေးအဖွဲ့စုံက လူအ၀င်အထွက်ကို ဓါတ်ပုံရိုက်မှတ်တမ်းယူနေတုန်းဗျာ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ ကွမ်းယာဆိုင်ဖွင့်ပြီး စောင့်ကြည့်တာတွေရှိတယ် တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်ပေါက်နေတုန်းပဲ အဲ့ဒါတွေဆက်ဖြစ်နေတော့ ဘာမှမပြောင်းလဲသေးဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်လည်တင်ရေး မတင်ရေးနှင့် ပတ်သက်ပြီး မနက်ဖြန် နိုင်ဝင်ဘာ (၁၈) ရက်နေ့တွင် ဗဟိုကော်မတီအစည်းဝေးတရပ် ပြုလုပ်၍ ဆုံးဖြတ်မည်ဖြစ်သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes