Saturday, December 17, 2011

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် ဒေါ်စုနှင့် ရက်ပိုင်းအတွင်း တွေ့မည် – Thai PM to meet Daw Suu

ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က ရှေ့တပတ် မြန်မာပြည်သို့ သွားရောက်စဉ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ပြောဆိုလိုက်သည်။
ရင်လပ်ရှင်နာဝပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့် ပထမဆုံးသော ထိုင်းဝန်ကြီးချုပ် ဖြစ်လာမည်ဟု ထိုင်းနိုင်ငံခြားရေး ဌာန ပြောခွင့်ရ အရာရှိ Thani Thongphakdi က ပြောပြသည်။
ရင်လပ်ရှင်နာဝပ်သည် ရန်ကုန်သို့ မသွားမီ တနင်္လာနေ့တွင် နေပြည်တော်သို့ သွားရောက်ပြီး မဲခေါင်ဒေသနိုင်ငံများမှ ခေါင်းဆောင်တို့၏ အစည်းအဝေးပွဲတက်မည် ဖြစ်သည်။
“ကျမ မြန်မာပြည်မှာ ကျင်းပမယ့် မဲခေါင်ဒေသ စွမ်းအင်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ညီလာခံကို တက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပြီးတော့ အမြင်ဖလှယ်ကြမယ်”
ဟု ထိုင်းဝန်ကြီးချုပ်က သူ၏ အပတ်စဉ် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။
“သူက ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထူးခြားတဲ့ အမျိုးသမီးဖြစ်ပါတယ်” လို့ ရင်လပ်ရှင်နာဝပ်ကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် အချိန်ဇယားမထွက်သေးသော၊ ရှေ့နှစ်အစောပိုင်းကျင်းပမည်ဟု ယူဆရသော ကြားဖြတ်ရွေးကောက်ပွဲကို ၀င်မည်ဟု ကြေညာထားသည်။
ရင်လပ်ရှင်နာဝပ်သည် သူ၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အရှိန်ဖြင့် သြဂုတ်လရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အာဏာရလာခြင်း ဖြစ်သည်။
ယခင်သတင်း – ထိုင်းဝန်ကြီးချုပ်ရဲ့ ဖက်ရှင်

မီဒီယာကိုမီဒီယာနဲ့ တိုက်မယ့် ဝန်ကြီးနဲ့စကားပြောခဲ့တဲ့ VOA ဌာနမှူးနဲ့တွေ့ဆုံခြင်း

ဝါရှင်တန် အခြေစိုက် VOA အသံလွှင့်ဌာန၏ မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းသည် မကြာသေးမီက မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ပြည်တွင်း မီဒီယာလောက အခြေအနေကိုလည်း လေ့လာခဲ့သည်။
VOA ဌာနမှူး ဦးသန်းလွင်ထွန်း (ဓာတ်ပုံ - ဧရာဝတီ)
VOA အစီအစဉ်များထဲမှ တချို့ကို ပြည်တွင်း FM တချို့တွင် ထုတ်လွှင့်ခွင့်ရရေးအတွက် ဝန်ကြီး ဦးကျော်ဆန်းနှင့် ဆွေးနွေးခဲ့သည် ဆိုသော ဦးသန်းလွင်ထွန်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း မီဒီယာလောက အနေအထားအပါအဝင် VOA အသံလွှင့်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဧရာဝတီသတင်းထောက် ဝေမိုးနှင့် အေးချမ်းမြေ့တို့က တွေ့ဆုံဆွေးနွေး ထားပါသည်။
မေး။     ။ ဝန်ကြီး ဦးကျော်ဆန်းကို ဘယ်လိုမြင်လဲ။ မီဒီယာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ သဘောထားပေါ့။
ဖြေ။     ။ ကျနော်ကလည်း တခါပဲတွေ့တာကိုး။ သူပြောတာကတော့ ရှင်းပါတယ်။ မီဒီယာနဲ့ ပတ်သက်တဲ့ သဘောထား ဆိုရင် ကျနော်တို့ဆီက ဒေါ်ခင်စိုးဝင်း သူ့ကို မေးထားတာကို ပြန်ဖြေသလိုပဲပေါ့။ အတော်ရှင်းတယ်။ ဥပမာ မီဒီယာကို မီဒီယာနဲ့ တိုက်တာမျိုး လုပ်ဦးမလား ဆိုတော့၊ အဲဒီနေရာမှာ သူပြန်ရှင်းလိုက်တာက ရှင်းရှင်းလေးပဲ။ ခင်ဗျားတို့ နိုင်ငံတကာ မှာကော မီဒီယာကို မီဒီယာနဲ့ တိုက်တာ မရှိဘူးလား ဆိုတဲ့ အမြင်မျိုးပေါ့။ အဲဒီအမြင်မျိုးကတော့ သူ့အနေနဲ့ နည်းနည်း မှားနေတယ်လို့ ပြောလို့ရတာပေါ့။
ဥပမာ – ကျနော်တို့ကို VOA ဆိုပြီးတော့ အမေရိကန် အစိုးရက ထောင်ပေးထားပြီး မြန်မာနိုင်ငံကို မီဒီယာနဲ့တိုက်ဖို့ လုပ်ပေး ထားတာဆိုတဲ့ အမြင် ရှိပုံရတယ်။ ဒါက မှားတာပေါ့။ ဒါကြောင့်မို့လို့ ကျနော် သူ့ကို VOA ရဲ့ ချာတာကို သေချာပုံနှိပ်ပြီး လက်ဆောင်ပေးလိုက်တယ်ဗျ။ သူကမေးတယ် ဒါ ဘာကြီးလဲတဲ့။ ကျနော် သူ့ကို ရှင်းပြ လိုက်ပါတယ်။ ကျနော်ကလည်း ရှင်းပြ ချင်လို့ကို သူ့ကို ပေးလိုက်တာပါ။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ VOA ကိုစလွှင့်တာက ၁၉၄၂ ခုနှစ်၊ ထုံးစံအတိုင်း အစပိုင်း ကတော့ သူတွေးသလိုမှန်တယ်။ စထောင်တုန်းက အမေရိကန် အစိုးရရဲ့ မူဝါဒ ဖြန့်ချိ ရေးအတွက်လုပ်တယ်၊ ဒါပေမယ့် ခေတ်ပြောင်းလာတော့ မူဝါဒ ဖြန့်ချိရေးအတွက် မလုပ်တော့ဘူး။ မလုပ်တော့ဘဲနဲ့ VOA ဆိုတာ အစိုးရရဲ့ ဝါဒ ဖြန့်ချိဖို့ မဟုတ်တော့ဘဲနဲ့ တကယ့် ဂျာနယ်လစ်ဇင် အဖွဲ့အစည်းတခုအနေနဲ့ အမေရိကန် လူ့အသိုင်းအဝန်းရဲ့ တန်ဖိုးကို နိုင်ငံတကာက မြင်အောင်၊ အမေရိကန် လူ့အသိုင်းအဝန်းရဲ့ တန်ဖိုးက ဒီမိုကရေစီပေါ့၊ ဒါကို ဖော်ဆောင်နိုင်ရမယ်၊ အစိုးရကိုလည်း ဘက်ပေါင်းစုံက ဝေဖန်နိုင်ရမယ်၊ အကြံပြုနိုင်ရမယ်၊ အစိုးရဲ့ ဝါဒဖြန့်ချိရေး သက်သက် မဟုတ်ဘူးဆိုတာ ဒီ ချာတာထဲမှာ ရေးထားတယ်၊ ဒါကို ဦးကျော်ဆန်းကို ရှင်းပြလိုက်တယ်။
ကျနော်တို့တွေကPublic Service ပေါ့၊ Commercial Service မဟုတ်ဘူး။ Public Service ဆိုတာက အစိုးရရဲ့ ထောက်ပံ့ မှုနဲ့၊ ဒါမှမဟုတ် လူထုထဲက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ပြီး အလုပ်လုပ်တယ်၊ အမြတ်အစွန်းမယူဘဲ လူထုကို သတင်းပေးတယ်။ သဘောက BBC လိုပဲ၊ သူလည်း ဗြိတိန် ပါလီမန်ကနေ ပေးတဲ့ ငွေကြေးနဲ့ လူထုကို သတင်းတွေ ပေးရတာ။ ကြော်ငြာမပါဘူး။ အစိုးရထောက်ပံ့တယ်၊ ဒါပေမယ့် အစိုးရရဲ့ ဝါဒဖြန့်တဲ့၊ အစိုးရအသုံးချခံ မဟုတ်ဘူး။ ဒါကို သူ့ကို သိစေချင်လို့ ကျနော်တို့ ချာတာကို ပေးလိုက်တာ။
မေး။     ။ မီဒီယာနဲ့ပတ်သက်လို့ ဦးကျော်ဆန်းက အမာလိုင်းလို့ ပြောကြတယ်။ အဲဒါကို ဘယ်လိုထင်လဲ။ ကိုသန်းလွင်ထွန်းနဲ့ တွေ့တဲ့အခါမှာ မြင်ရတဲ့ ပုံစံပေါ့။
ဖြေ။     ။ သူ့မှာ ပြုပြင်ပြောင်းလဲချင်တဲ့ ဆန္ဒလေး ရှိတယ်လို့တော့ ကျနော်မြင်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျနော့်ကိုမေးတယ်။ မြန်မာ့အလင်းနဲ့ ပတ်သက်လို့ ဘယ်လိုမြင်လဲတဲ့။ မြန်မာ့အလင်းကို ဖတ်ဖြစ်လား၊ ဒီ သတင်းစာတွေကို ပြုပြင်ပြောင်းလဲချင်ရင်၊ ပိုကောင်းချင်ရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်ကလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ ဝန်ကြီးမေးလာလို့ ကျနော်ပြောမယ်လို့၊ ဒီဟာကို VOA ဌာနမှူးအနေနဲ့ ကျနော် ပြောတာမဟုတ်ဘူး၊ ဂျာနယ်လစ် တယောက် အနေနဲ့ ကျနော်ပြောတာလို့၊ ဝန်ကြီးတို့ သတင်းစာတွေက အစိုးရ ဂေဇတ်၊ အစိုးရရဲ့ ပြန်တမ်းလို့၊ ဒါ သတင်းစာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဝန်ကြီးတို့ဆီမှာ သတင်းလည်း သတင်းအလျောက် မဟုတ်ဘူး၊ အစိုးရက ပြောချင်တဲ့၊ ဖော်ပြချင်တဲ့ ပြန်တမ်းတွေနဲ့ ရောနေတယ်လို့။
နိုင်ငံတကာမှာ အစိုးရရဲ့ အာဘော်ကို ထင်ဟပ်တဲ့ သတင်းစာရှိတယ်၊ စီးပွားရေးသမားတွေရဲ့ အာဘော်ကို ထင်ဟပ်တဲ့ သတင်းစာတွေရှိတယ်၊ နိုင်ငံရေး ပါတီတွေရဲ့ အာဘော်တွေကို ထင်ဟပ်တဲ့ သတင်းစာတွေရှိပါတယ်၊ ဒါပေမယ့် အာဘော်နဲ့ သတင်းနဲ့က ခွဲထားကြတယ်၊ ဝန်ကြီးတို့ဆီမှာတော့ ခွဲထားတာ မတွေ့ရဘူး။ ဒီတော့ ဒီလိုမျိုးခွဲမထားဘူးဆိုရင် ဖတ်တဲ့သူတွေ အနေနဲ့ နိုင်ငံတော် ပြန်တမ်း၊ အစိုးရဂေဇတ်အနေနဲ့ပဲ လက်ခံနေမှာပဲ၊ သတင်းစာတခု အနေနဲ့တော့ လက်ခံမှာမဟုတ်ဘူးလို့။ အဲဒီတော့ တကယ်လို့သာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်းစာတွေ တကယ်ပေါ်လာပြီဆိုရင်တော့ ဝန်ကြီးတို့ သတင်းစာတွေ ဒုက္ခရောက်လိမ့်မယ် လို့၊ အဲဒီအတိုင်းပဲ ပြောခဲ့တယ်။
မေး။     ။ ပြည်တွင်းမှာ ဝန်ကြီး ဦးကျော်ဆန်းနဲ့ တွေ့ပြီး အထဲမှာ FM လွှင့်ဖို့ကိစ္စ ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ပြေလည်ခဲ့လား။
ဖြေ။     ။ ပြေလည်တယ်လို့ ပြောလို့ရတယ်။ အဓိကကတော့ ကျနော်တို့လွှင့်နေတဲ့ အစီအစဉ်တွေထဲမှာ နိုင်ငံတကာသတင်း၊ အင်္ဂလိပ်စာပို့ချချက်၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာ၊ အမေရိကန်တခွင် စသည်ဖြင့် ကောင်းနိုးရာရာတွေကို ကျနော်တို့ကနေ ပို့ပေး၊ မြန်မာ့ရုပ်မြင်သံကြားမှာဖြစ်ဖြစ်၊ မြန်မာ့အသံမှာဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရှိနေတဲ့ FM station တွေမှာ ဖြစ်ဖြစ် လွှင့်ပေးဖို့ ဝန်ကြီးက သဘောတူတယ်။ ဒါပေမယ့် သူတို့က ဒီလိုအရင် အလားတူလုပ်တာတွေ ရှိနေတယ်။ ဥပမာ – VOA အနေနဲ့ အင်ဒိုနီးရှားမှာ၊ ကမ္ဘောဒီးယားမှာ၊ နောက် ချင်းမိုင်မှာတောင် ကျနော်တို့ အလားတူ လုပ်နေတာတွေ ရှိတာပဲ။ ချင်းမိုင်မှာဆို ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထပ်ဆင့် လွှင့်ပေးနေတာတွေပေါ့၊ ဒီလို အလားတူ လုပ်နေတာတွေကို တဘက်နဲ့တဘက် သဘောတူညီချက် (MOU) ဘယ်လိုထိုးလဲ ဆိုတာကို ကြည့်ချင်တယ်။ ဒီတော့ ကျနော်က ဝါရှင်တန် ပြန်သွားပြီးရင် အဲဒါလေးတွေကို သူတို့ကို ပို့ပေးရမယ်။
သူတို့ကလေ့လာပြီး သဘောတူတယ်ဆိုရင် ဒီဘက်က ဘန်ကောက်မှာထိုင်တဲ့ Regional Marketing Officerကို ခေါ်သွားပြီး နောက်တခေါက် ထပ်သွားရမယ်။ ဒီတခေါက်က ဘာလုပ်မယ် မှန်းတောင် မသိသေးဘူး။ မြေစမ်း ခရမ်းပျိုးအနေနဲ့ နားထောင်ဖို့ သွားတာပဲ။ ဒါပေမယ့် သဘောတူလာပြီ ဆိုတော့ နောက်တခေါက်ကတော့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ရမှာပေါ့။ ဒါပေမယ့် ပြည်တွင်းမှာ VOA သတင်းထောက် ထားဖို့၊ ရုံးခန်းဖွင့်ဖို့ ဆိုတာတွေကိုတော့ ဝန်ကြီးက ဖြည်းဖြည်းပေါ့ လို့ပဲ ပြောတယ်။
မေး။     ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုထင်လဲ၊ ကျန်တဲ့ ရေဒီယို စတေရှင်တွေ အများကြီးရှိရဲ့သားနဲ့ ဘာလို့ VOA နဲ့ ရွေးတွေ့တယ် ထင်လဲ။
ဖြေ။     ။ ကျနော်ထင်တာကတော့ အနှေးနဲ့အမြန် ဆိုသလို လာမှာပဲလို့ထင်တယ်။ ကျနော်သိသလောက်တော့ BBC လည်း ကြိုးစားနေတာပဲ၊ သြစတြေးလျမှာရှိတဲ့ ABC ဆိုလည်း မြန်မာပြည်ထဲဝင်ဖို့ ကြိုးစားနေတာပဲ။ ဘာကြောင့်လဲဆိုတော့ ရေဒီယို စတေရှင်တွေရဲ့ ရည်မှန်းချက်က ကိုယ်လွှင့်နေတဲ့ အစီအစဉ်တွေကို ပြည်တွင်းမှာများများစားစား ပိုကြားဖို့လေ။ အခု လောလောဆယ်က Short Wave (SW) တွေနဲ့ လွှင့်နေကြတယ်၊ ဟုတ်နေသေးတယ်။ ဒါပေမယ့် ရေရှည်မှာ SW တွေ ပျောက်သွားတော့မှာ။ အဲဒီအခါကျရင် Medium Wave တွေ၊ FM တွေပဲ ကျန်ခဲ့တော့မယ်။ အခု နိုင်ငံတကာမှာ လုပ်နေတာက သက်ဆိုင်ရာ နိုင်ငံတွေမှာ ရှိနေတဲ့ Medium Wave station တွေ FM station တွေနဲ့ ပါတနာ ပုံစံမျိုးလုပ်ပြီး ကိုယ့်အစီအစဉ်တွေကို လွှင့်ရတဲ့ အလားအလာ ဖြစ်နေပြီလေ။
အဲဒီတော့ မြန်မာပြည်မှာလည်း အဲဒီလို မလုပ်နိုင်သေးလို့သာ ကျနော်တို့က SW ကို သုံးနေရတာ။ ချန်ထားရတာ။ ဒါပေမယ့် အမေရိကားမှာလည်း အော်လှပြီ။ SW Broadcasting က တကယ်တော့ ဈေးကြီး တယ်ဗျ။ ဟိုးတုန်းက ဆိုရင် နိုင်ငံတကာကို SW နဲ့ လွှင့်နေတာဆိုတော့ မထောင်းသာဘူး။ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံ တခုတည်းကို မဟုတ်ဘဲ ထိုင်းနိုင်ငံကိုလည်း SW နဲ့ လွှင့်တယ်၊ တရုတ်ကို၊ ကာဇက်စတန်တို့ ဘာတို့ကိုလည်း လွှင့်နေတယ်။ စတေရှင် တခုတည်းကနေပြီး နိုင်ငံတွေ အများကြီးကို လွှင့်နေတာဆိုတော့ အဆင်ပြေတယ်။ ဒါက ကိုက်တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲဒီနိုင်ငံတွေက ဖြတ်လိုက်တော့ SW လွှင့်တဲ့ နိုင်ငံက နည်းသွားပြီ။ မြန်မာ တနိုင်ငံတည်း အတွက်တော့ SW စတေရှင်ကြီးတခုကို VOA က တည်ဆောက် မထားနိုင်တော့ဘူး။ ကြာရင်ပေါ့။
ကျနော်တို့က ဆက်ပြီးတော့ လွှင့်ချင်တယ် ဆိုရင်တော့ Local partnership တွေကို ရှာရတာပဲ။ ဒီနအချိန်မှာ အခွင့်အရေး ပေးလာတော့ ကျနော်တို့ သွားညှိကြတယ်။ ညှိတဲ့ နေရာမှာတော့ လောလောဆယ်မှာ ကိုယ်လိုချင်သလောက်တော့ ဘယ်ရမလဲ။ မြန်မာ အစိုးရကျတော့ လောလောဆယ်မှာ သူ့နည်းသူ့ဟန်နဲ့ Sensitivity က ရှိနေသေးတော့ ကျနော့် အစီအစဉ်ထဲမှာ မြန်မာနဲ့ ပတ်သက်တာကိုတော့ လိုချင်သေးတဲ့ပုံ မပေါ်ဘူး။ ကျနော်ကလည်း သိပ်ပြီး တွန်းအားမပေးပါဘူး။ လောလောဆယ်တော့ ရသလောက်ပဲပေါ့။
မေး။     ။ မြန်မာပြည်တွင်းမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေ လုပ်ခွင့်ရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်၊ ကိုသန်းလွင်ထွန်း တွေ့ခဲ့တဲ့သူတွေ ထဲမှာလည်း သတင်းစာလုပ်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ထုတ်ဝေသူတွေ၊ အယ်ဒီတာချုပ် တွေ ပါတယ်ဆိုတော့ အဲဒီကိစ္စကိုကော ဘယ်လိုထင်လဲ။ နီးပြီလို့ထင်လား။
ဖြေ။     ။ အဲဒါကတော့ ကောလာဟလတွေပဲ။ လူတိုင်းကတော့ မျှော်လင့်ချက် အမျိုးမျိုး ရှိကြမှာပေါ့နော်။ ကျနော်လည်း ကောလာဟလ အမျိုးမျိုးကြားခဲ့တာပဲ။ ဂျာနယ်တိုက်ကြီးတွေက တိတ်တိတ်ကလေး ကြိတ်ညှိနေတယ်၊ နေ့စဉ်သတင်းစာ ထုတ်ဖို့ ပြင်ဆင်နေတယ် ဆိုတာမျိုးပေါ့။ ခင်ဗျားတို့လည်း ကြားမှာပါ။ ကျနော်လည်း ဝန်ကြီးဦးကျော်ဆန်းကို မေးလိုက် ပါတယ်။ ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ခွင့်ပေးဖို့ အခြေအနေ ဘယ်လိုရှိလဲပေါ့၊ အဲဒီလိုမေးတော့ သူက လုပ်လာပါ လိမ့်မယ် ဖြည်းဖြည်းပေါ့လို့ပဲ ဖြေသွားတယ်။ ဒါပေမယ့် ကျနော်နဲ့တွေ့တဲ့ကိစ္စမှာ ဒီလိုဟာတွေထက် ကျနော်တို့ အလုပ်ကိစ္စကို သေချာ ပြောဖြစ်တာ ပိုများတယ်။ ဘာကြောင့်လဲဆိုတော့ ရတဲ့အချိန်မှာ ဒီလို ကျယ်ပြန့်တဲ့ သတင်းစာလွတ်လပ်ခွင့်တို့ ဘာတို့ ပြောပြီးတော့ မလိုအပ်ဘဲနဲ့ ငြင်းခုန်နေတာထက်၊ ကျနော့်အလုပ်ပဲ ပြောဖြစ်တယ်။ သူ့ကို ကျနော် အင်တာဗျူးလုပ်တာလည်း မဟုတ်ဘူးလေ။ သူ့အနေနဲ့လည်း သူ့ဘက်က လိုချင်တာတွေ ပြောတယ်၊ ကျနော့်ဘက်ကလည်း လုပ်ပေးနိုင်တာ၊ လိုချင်တာ ပြောတယ်၊ ဒါပါပဲ။
မေး။     ။ အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ ဖြစ်ဖို့ အချိန်ဘယ်လောက် ကြာလိုက်လဲ။
ဖြေ။     ။ မကြာဘူး။ ရှင်းရှင်းပြောရရင် ကျနော်တို့ဆီက ဒေါ်ခင်စိုးဝင်းသွားတယ်၊ အဲဒီလို သွားတဲ့အချိန်မှာ ဒေါ်ခင်စိုးဝင်းကို သူလည်း ပြောပုံရပါတယ်။ ခင်ဗျားတို့ အပြင်ကလူတွေလည်း ကျနော်တို့ကို ကူဖို့လိုတယ် ဆိုတာမျိုးပေါ့။ အဲဒီလို ရင်းရင်းနှီးနှီး ပြောတဲ့ အခါ ကျတော့ အပြင်ကကူဆိုရင်တော့ ကျမတို့ဌာနမှူးတွေ ဘာတွေခေါ်ပြီးတော့ စီစဉ်မှဖြစ်မယ်၊ အဲဒီကိစ္စ စီစဉ်မလား လို့ မေးလိုက်တော့ ဖြစ်ပါတယ် ကျနော်တို့လုပ်ပေးတာပေါ့ လို့ ပြန်ပြောတယ်၊ ဒါပေမယ့် နောက်ပိုင်း မဆက်သွယ်ဖြစ်ဘူး။ နောက်ပိုင်း ဘာလီမတိုင်ခင်ကိစ္စ လေးတွေကျမှ သတင်းထောက်တွေ ပုံမှန်လာဖို့ ကိစ္စဘယ်လိုလဲ၊ ကျမတို့ ဌာနမှူးနဲ့ ဆက်သွယ်တော့မလားလို့ မေးတော့မှ သူ့ဘက်က စီစဉ်လိုက်ပါဆိုပြီးညွှန်ကြားလိုက်တာ။ ဘာမှ သိပ်မကြာလိုက်ပါဘူး။ ဌာနတိုင်း ချဉ်းကပ်နေတာပါပဲ။ ကျနော်တို့ ရေဒီယို ဌာနကြီးတွေတင် မကဘဲ ခင်ဗျားတို့ ပြည်ပ မီဒီယာတွေပါ ချဉ်းကပ် နေတယ်လို့ ကြားခဲ့ပါတယ်။ ကျနော်ကတောင် နောက်ကျချင်ကျနေပါဦးမယ်။
မေး။     ။ ပြည်ပက မီဒီယာတွေကလည်း ပြည်တွင်းကို ဝင်ချင်နေကြတယ် ဆိုတဲ့ အသံတွေ ထွက်နေတယ်ဆိုတော့ ဒီကိစ္စကော ၂၀၁၅ မတိုင်ခင် ဖြစ်လာနိုင်မယ် ထင်လား။
ဖြေ။     ။ ဖြစ်လာပါလိမ့်မယ်။ ကျနော်ထင်တာတော့ တခုပြီး တခု ဝင်လာကြမှာပါ။ VOA တခုတည်းကိုတော့ သီးသန့်ကြီး ပေးတယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် ပထမ စိတ်ထဲမှာထင်တာက အားလုံးနဲ့ စုပြုံပြီး တွေ့ရမယ်တောင်ထင်တာ။ တယောက်တည်းလို့ မထင်ဘူးလေ။
မေး။     ။ FM လို ထပ်ဆင့်အသံလွှင့်ခွင့် ရမယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမဟုတ်ဘူးလေ။ ဒီအပေါ်မှာ ကိုသန်းလွင်ထွန်း ဘယ်လို ခံစားရလဲ။
ဖြေ။     ။ ဒါက လက်တွေ့ မဖြစ်သေးဘူးလေ။ လုပ်ရမယ့် အဆင့်တွေ အများကြီး ကျန်ပါသေးတယ်။ သူတို့ရဲ့ အစီအစဉ်တွေ လိုက်ပြတယ်၊ ဘယ်လိုလွှင့်တယ် ဘာညာကျနော် လိုက်ကြည့်တယ်။ ကျနော်ပြန်သွားပြီး MOU တွေ ပို့လိုက်လို့ သူတို့ သဘောတူရင် နောက်တခေါက် ပြန်လာပြီး လက်မှတ်ထိုးရမယ်။ လိုတာတော့ လိုသေးတယ်၊ တလ နှစ်လနဲ့ အကောင် အထည် ဖော်ဖို့တောင် မလွယ်သေးဘူး။ နောက်တခုက နည်းပညာ ပြဿနာလည်းရှိသေးတယ်။ FM ဆိုတာကလည်း တကယ်တော့ Semi government ဗျ။ လွတ်လပ်မှု လုံးလုံးရှိတာတော့ မဟုတ်ဘူး။ သူတို့ သီချင်းတွေဖွင့်တယ်၊ စကားဝိုင်းလေးတွေ သူတို့ဘာသာ ဖန်တီးတယ်။ နိုင်ငံတကာသတင်း၊ ရီဂျင်နယ် သတင်းတွေကျတော့ သူတို့မှာ capacity မရှိတော့ ဂျာနယ်တွေကဟာတွေ ယူပြီး ဖြတ်တောက် ဖတ်တာတွေ လုပ်တာ တွေ့ရတယ်။
ဒါပေမယ့် ပြည်တွင်း သတင်း ကျတော့ ဗဟို ချုပ်ကိုင်တဲ့ စနစ်ဖြစ်သွားတယ်။ နေပြည်တော်ကနေ နေ့လယ် ၁ နာရီနဲ့ ည ၈ နာရီမှာ သတင်းတွေပို့ပေးတာ ရှိတယ်။ အဲဒါကို လွှင့်ပေးရတယ်။ အဲဒီလို ထိန်းချုပ်မှု ရှိတယ်။ ကျနော်တို့ရဲ့ အစီအစဉ် တွေကိုလည်း ကျနော်တို့က FM တွေမှာ လွှင့်ချင်တယ်ဆိုရင် ကျနော်တို့ဟာတွေကို နေပြည်တော်ကို ပို့ပေးရမယ်၊ နေပြည်တော် ကနေမှတဆင့် နည်းနည်းတော့ ကြည့်ဦးမယ်ပေါ့။ လောလောဆယ်တော့ လုပ်ဦးကွာ ဆိုတာမျိုး လွှတ်ပေးမယ် ဆိုတဲ့သဘောပဲ။ အရင်ကဆို CNN တို့ဘာတို့ကို ဖြတ်တာရှိတယ်၊ ခုတော့ မဖြတ်သလောက်ပါပဲ။ ကျနော် သူတို့ရဲ့ ထိန်းချုပ်ခန်းထဲ သွားကြည့်တယ်။ လူလေး ၂ ယောက်လောက်နဲ့ လုပ်နေတာပဲ။ ဘာရယ်မှ မဟုတ်တော့ဘူး၊ အဓိကက အဝတ်အစားတို့ ဘာတို့ ကြည့်တယ်။ ဥပမာ – CNN ကလာတာမှာ ဘီကီနီတွေ သိပ်များနေတယ်ဆိုရင် ဖြတ်ပစ်တယ်ဗျာ အဲဒီလောက်ပါပဲ။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ဘူး ဆိုတာတွေပေါ့။ နောက် CNN ကနေ ထပ်ခါထပ်ခါ လွှင့်နေတဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကြောင်းတွေဆို ဖြတ်ပုံရတယ်၊ ပထမ တခေါက်တော့ လွတ်ချင်လွတ်မှာပေါ့လေ။ လွတ်လည်း လွတ်တယ်နဲ့ တူတယ်။ မကြော်ငြာဘဲ လွှတ်လိုက်တာမျိုးတွေ ရှိတာကိုး။
မေး။     ။ ပြည်တွင်းကလူတွေက ပြည်ပက DVB ပဲဖြစ်ဖြစ်၊ BBC ပဲဖြစ်ဖြစ်၊ တခြား CNN တို့ဘာတို့လည်း ကြည့်တာက မြန်မာသတင်းကို ပိုကြည့်တာဆိုတော့ ပြည်တွင်းမှာ ဒီအပိုင်းနဲ့ ပတ်သက်လို့တော့ လိုသေးတယ်လို့ ပြောချင်တာလား။
ဖြေ။     ။ လိုသေးတာပေါ့။ ကြည့်တာမပြောနဲ့ ကျနော့်ဆီကဆိုရင်လည်း ရေဒီယိုတောင် ဝင်ဖို့ မလွယ်သေးဘူးဗျ။ မဖြစ်နိုင်သေးဘူး။ ခုနက ပြောတဲ့ ကမ္ဘာ့သတင်းလို ဟာမျိုးပေါ့။ ကမ္ဘာ့သတင်းကလည်း ပြည်တွင်းမှာ ပြောရရင် capacity သိပ်မရှိသေးဘူးလေ။ ဒီလောက်လုပ်ရရင်ပဲ မဆိုးဘူးလို့ ပြောရမှာပေါ့။ ပြည်တွင်းမှာ လုပ်နေတဲ့ ကမ္ဘာ့သတင်းဆိုတာက သူတို့မှာ အပြည့်မလုပ်နိုင်သေးဘူး။ နောက် သူတို့လုပ်နေတဲ့ ပုံစံက CCTV ရုပ်သံ သတင်းတောင်မှပဲ သတင်းမလာခင် ဖတ်ပြတဲ့သူက သတင်းတပုဒ်လုံးကို ဘာသာပြန်ပြီး ဖတ်ပြလိုက်တယ်၊ ပြီးတော့ နောက်ကနေ သတင်းတပုဒ်လုံးကို အစအဆုံး ထိုးပြလိုက်တယ်။ သူတို့ ဘာကြောင့် ဒီလိုလုပ်နေတယ်ဆိုတာ ကျနော်တော့ နားမလည်ဘူးဗျ။ အဲဒါမျိုးတွေ ပြုပြင်ဖို့တော့ ကျနော် အကြံပေးခဲ့တယ်။
မေး။     ။ ပြည်တွင်း မီဒီယာတွေကော ဘယ်လို အခြေအနေရှိလဲ။ ဒီနှစ်ထဲမှာလည်း အရင်ထက် တော်တော်လေး ရေးခွင့်ရနေပြီလို့ ထင်တယ်လေ။
ဖြေ။     ။ သူတို့လည်း ရေးတော့ ရေးတယ်ဗျ။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတယ် ငြင်းခုန်ပွဲလေး တခုလည်း ကျနော် တွေ့ခဲ့တယ်။ ဘယ်သူနဲ့ ဘယ်သူလဲ ဆိုတာတော့ ကျနော်မပြောတော့ဘူးဗျာ။ တယောက်က ပြောတယ်ဗျ အခုက အခြေအနေ တော်တော် ကောင်းတယ်ပေါ့နော်၊ နောက်ပိုင်းမှာ မီဒီယာဥပဒေလည်း ထွက်လာတော့မယ် ဆိုတော့ မီဒီယာ ဆင်ဆာ အပိုင်း လုံးဝ ပျောက်သွားမယ်ပေါ့၊ ထုတ်တင် ဆိုတဲ့နေရာမှာလည်း တကယ်တန်း ဖတ်နေတဲ့သူက ၁၇ ယောက်ပဲ ရှိတယ်ပေါ့လေ၊ အဲဒီ ၁၇ ယောက်က တကယ်တမ်းကျတော့ ကျကျနန ဖတ်နိုင်တာမဟုတ်ပါဘူး၊ ဒီလိုပဲ ကြည့်ပြီး လွှတ်ပေး လိုက်တာပါဗျာတဲ့၊ သူတို့ဆိုရင် ပြဿနာမရှိဘူးတဲ့ အဲဒီလူက ကျနော့်ကို ပြောနေတယ်။
အဲဒီအချိန်မှာ နောက်တယောက်က ဝင်ပြီးတော့ ဒါကတော့ လူကွာတာကိုးဗျတဲ့။ စကားများကြတာပေါ့ဗျာ။ အဲဒီ ဒုတိယလူက ပြောတာက ရတဲ့သူတွေဆိုရင် NLD ဆိုပြီး ရေးတယ်၊ ရနေကြတယ်၊ သူတို့ကျတော့ မှတ်ပုံမတင်ရသေးသော NLD ဆိုပြီး နာမ ဝိသေသနကြီး ထည့်ထည့် ရေးရတယ်တဲ့။ သိသိကြီးနဲ့ အောင့်သက်သက်ကြီး လုပ်နေရတယ်တဲ့။ ဒါကဥပမာပေါ့နော်၊ တခြားဟာတွေ ရှိသေးတယ် ဆိုပြီး အပြန်အလှန်ပြောနေကြတာ ကြားခဲ့ရတယ်ဗျ။ အဲဒီတော့ ရေးခွင့် ရမရ ဆိုတဲ့ နေရာမှာလည်း နည်းနည်းလေးတော့ လူပေါ်မှာ မူတည်တယ်လို့ ပြောရမလား မသိဘူးဗျ။ တချို့ကလည်းပါးပါးလေး လုပ်တယ်၊ တချို့ကလည်း အဆက်အသွယ်နဲ့ ရဲရဲတင်းတင်း လုပ်နေကြတာလေးတွေ ရှိတာပေါ့ဗျာ။
မေး။     ။ အခုအချိန်မှာ အင်တာနက်နဲ့ ပတ်သက်လို့လည်း ပြည်တွင်းမှာ တော်တော်လေး ကျယ်ပြန့်လာပြီဆိုတော့ ဂျာနယ်တွေက သတင်းတွေကို ချက်ချင်း တင်လာတာတွေ ရှိလာတယ်၊ အဲဒီတော့ ပြည်ပမီဒီယာတွေ မရှိနိုင်တော့ဘူး၊ တချို့လည်း ရှိရဦးမယ်ဆိုတဲ့ အငြင်းပွားမှုလေးတွေ ကြားလာရတယ်။ ကိုသန်းလွင်ထွန်းအနေနဲ့ အဲဒါကို ဘယ်လိုမြင်လဲ။ ဂျာနယ်ကို ထိန်းချုပ်ထားပေမယ့် အင်တာနက်ဥပဒေက သေချာမရှိသေးတော့ ပြည်တွင်းက မြန်ဆန်လာတာမျိုး တကယ် ရှိနေပြီထင်လား။
ဖြေ။     ။ လက်ရှိအချိန်မှာတော့ မြန်မာပြည်မှာက လုပ်ရကိုင်ရတာ ကန့်သတ်ချက်တွေ ရှိနေတယ်ဗျ။ တကယ်တမ်း လွတ်လွတ်လပ်လပ် လုပ်ချင်တယ် ဆိုရင်တော့ အပြင်ကပဲ လုပ်ရဦးမှာပဲ ကျနော့်စိတ်ထဲ ထင်တာ ပြောတာ။ တခုရှိတာက အပြင်က လုပ်တဲ့နေရာမှာလဲ ကိုယ်နဲ့သိတဲ့သူ၊ ကိုယ့်အဆက်အသွယ်လေး တယောက် နှစ်ယောက်ကိုပဲ မှီခိုပြီး လုပ်တယ်၊ ထိတွေ့မှု ဘက်ပေါင်းစုံ မရှိဘူးဆိုရင်တော့ အမှားအယွင်းတွေ ရှိမှာပေါ့။ အမှားအယွင်းကလည်း သေချာပေါက် ရှိမှာပဲ။ ပြည်ပကနေ တယ်လီဖုန်းနဲ့ပဲ လုပ်နေရတယ်၊ ဖုန်းနဲ့ စကားပြောတယ် ဆိုတာကလည်း တကယ်တမ်း နာရီဝက် အပြင် ပိုမပြော နိုင်ဘူးလေ။အထဲထဲမှာတော့ မြင်ရတယ်၊ သိုင်းသိုင်းဝိုင်းဝိုင်း လှည့်ပတ်ပြောနိုင်တယ်ဆိုတော့ တူတော့ မတူဘူးပေါ့။ သတင်းပိုင်း ဆိုင်ရာမှာ ပြောတာပါ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် အန္တရာယ်ကင်းကင်းနဲ့ လုပ်နိုင်တဲ့နေရာကျတော့ ပြည်ပက အားသာချက် ရှိတာပေါ့။
ဒါပေမယ့် တခုရှိတာက ဂျာနယ်တွေကတော့ အခုထိ တပတ် နောက်ကျနေတုန်း ဆိုတာကလည်း ရှိနေသေးတယ်။ ရေးခွင့် မရသေးတဲ့ အကြောင်းအရာတွေ ရှိနေသေးတယ်။ ဥပမာ တိုင်းရင်းသား ဒေသ စစ်ပွဲတွေကိစ္စတွေပေါ့။ ပြည်ပ မီဒီယာ တွေလည်း တနေ့ ပြည်တွင်း ဝင်ရမှာပါပဲ။ ဒါပေမယ့် ဟိုဟာ မရေးရဘူး၊ ဒီဟာ မရေးရဘူး ရှိနေတဲ့ အချိန် ဝင်သွားရင်တော့ မဟုတ်သေးဘူးပေါ့ဗျာ။ လိုက်ကန့်သတ်နေရင်တော့ မဝင်ကြနဲ့ပေါ့။
နောက်တခုက အပတ်စဉ် ဂျာနယ်တွေနဲ့ပတ်သက်လို့ ပြောဖြစ်တာရှိတယ်။ သတင်းသမားတွေ အားလုံးနဲ့ ဆုံတဲ့အချိန်မှာတော့ မပြောဖြစ်ဘူး၊ လူတယောက်တည်းနဲ့တော့ ပြောဖြစ်ခဲ့တယ်။ ဘာလဲဆိုတော့ နောက်ပိုင်းမှာ နေ့စဉ်သတင်းစာ ပေါ်လာပြီဆိုရင် နေ့စဉ်သတင်းစာကို လုပ်နိုင်တဲ့သူတွေကတော့ အပီအပြင်လုပ်ကြတော့မယ်။ အဲဒီအခါကျ ဂျာနယ်တွေရဲ့ ကဏ္ဍက မှေးမှိန် လာလိမ့်မယ်ဗျ။ ဒီ ပြဿနာရှိသွားပြီဆိုရင် ဂျာနယ်တွေက သေသေချာချာ အနှစ်ပြည့်ပြည့်နဲ့ တပတ်စာကို သေချာ ရေးပြ နိုင်တာလောက်ပဲ ကျန်ခဲ့လိမ့်မယ်။ အခုလို အဲဒီလောက်များတဲ့ ဂျာနယ်တွေ ဆက်ရှင်သန်ဖို့တော့ မလွယ်တော့ဘူး။ သူတို့အချင်းချင်း ပေါင်းရင်ပေါင်း၊ ဒါမှမဟုတ် သူတို့လူတွေက နေ့စဉ်သတင်းစာတွေထဲ ဝင်သွားရင်ဝင်သွား၊ အဲဒီလိုပဲ ဖြစ်သွား လိမ့်မယ်။ ကျနော်တော့ တကယ့် သူဌေးကြီးတွေက နေ့စဉ်သတင်းစာကို အရမ်းစိတ်ဝင်စား နေပြီ၊ လုပ်ခွင့်ရဖို့ ချောင်းနေပြီ၊ ပြင်ဆင်နေပြီ ဆိုတာမျိုးတွေလည်း ကြားခဲ့ရတယ်။
မေး။     ။ VOA အနေနဲ့ကော ပေါ်လစီပြောင်းမလား။ အခုဆို အထဲမှာ FM တောင် ထပ်ဆင့်လွှင့်ခွင့်ရတော့မှာ ဆိုတော့လေ။
ဖြေ။     ။ VOA မှာက ဘာပေါ်လစီမှ အစကတည်းက ရှိတာမှ မဟုတ်ဘဲ။ VOA လုပ်တာလဲ ခင်ဗျားတို့ တခြားမီဒီယာတွေ လုပ်သလိုပဲ၊ ဂျာနယ်လစ်ဇင်နဲ့ သူ့ ချာတာနဲ့ပဲ လုပ်နေတာပဲ။ ပေါ်လစီတွေချပြီး မြန်မာအစိုးရကို တိုက်ဖျက်ရေးတို့ ဘာတို့ ဆိုတာတွေလည်း ရှိတာမှမဟုတ်ဘဲ။ အမေရိကန်ရဲ့ မူဝါဒကို အသားပေးပြီးဖော်ပြရေး ဆိုတာမျိုးလည်း မပါဘူး။ အမေရိကန်ရဲ့ မူဝါဒတွေကို ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံကနေ ဆွေးနွေး အကြံပြုရေး ဆိုတာမျိုးပဲ ရှိတယ်။ ရှင်းရှင်းပြောရရင် ဒီလိုအခွင့်အရေး ရလာလို့လည်း ဘာပြောင်းစရာမှမရှိဘူး၊ ကိုယ်လုပ်စရာရှိတာ လုပ်နေမှာပဲ။ အခုဆိုရင် ပြည်တွင်းက FM တွေမှာ မြန်မာသတင်းကလွဲလို့ ကျနော်တို့ရဲ့ အစီအစဉ်တချို့ကို လွှင့်ဖို့ သဘောတူညီချက်ရတယ်၊ လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး။ အဲဒါကို ကျနော် ဝမ်းသာအားရ လက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုကနေ လွှင့်ပေးမယ်လို့ ရွေးလိုက်တဲ့ အစီအစဉ်တွေက အထူးသဖြင့် အင်္ဂလိပ်စာ ပို့ချချက်လိုမျိုး၊ ကျန်းမာရေးကိစ္စ၊ ဒါတွေက မြန်မာပြည်မှာ FM တွေကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြားသင့်တာတွေ။
VOA ရဲ့ မူလအစီအစဉ်ကျတော့ သူက တနေ့ကို ၃ နာရီခွဲ အသံလွှင့်ပေးနေတယ်။ အဲဒီအပြင်ကို ၂ နာရီခွဲ ထပ်ဆင့် လွှင့်ပေးနေတော့ VOA က တနေ့ကို ၆ နာရီ လွှင့်ပြီးသားပဲ။ ဟိုဟာက အမြတ်ထွက်တာ။ ဒီတော့ VOA က ပေါ်လစီလည်း ပြောင်းစရာမလိုဘူး၊ ရသမျှကို အမြတ်အနေနဲ့ ယူရုံပဲ ရှိတယ်။ ဒီလို ပြောပါများလို့ ကျနော့်ကို မပေးတော့မှာတောင် ကြောက်တယ်။
ပြောချင်တာက ကျနော်တို့က ပုံမှန် ၁ နာရီလွှင့်နေတာရှိတယ် ဆိုပါတော့။ အဲဒီအထဲကမှ ခုနက အစီအစဉ်တွေကို ဆွဲထုတ်ပြီး အထဲကို ပို့လိုက်မှာ။ ဒီတော့ FM တွေကလည်း တနေ့လုံး သီချင်းတွေချည်းပဲ လွှင့်နေမယ့်အစား အဲဒီနေရာမှာ ကျနော်တို့ အစီအစဉ်လေးတွေကို အစားထိုးပေးလိုက်မယ်။ ကျနော်တို့အတွက်ကော၊ လူတွေအတွက်ကော မြတ်တယ်။ အားလုံးက တဖြည်းဖြည်း လုပ်ယူကြရမှာ။ ရှင်းရှင်းပြောရရင် ပြန်ကြားရေးဝန်ကြီးဌာနက လူတွေအနေနဲ့လည်း မသိဘူးတော့ မဟုတ်ဘူး၊ သူတို့ သိတာတွေရှိတယ်၊ ဘောင်တခု ရှိနေလို့သာ အဲဒီဘောင်ထဲမှာ နေနေကြရတာလေ၊ လုပ်ပိုင်ခွင့် တဖြည်းဖြည်း ကျယ်လာရင် သူတို့လည်း လုပ်ကြမှာပါ။ လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိကြပါတယ်။ ဒီလူတွေ အကုန်လုံးက နိုင်ငံတကာ သွားဖူးတယ်၊ သတင်းစာသင်တန်းတွေ တက်ဖူးကြတာပဲ။ ကျနော်တို့သွားတော့လည်း တော်တော်လေး လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။
မေး။     ။ ဒါဆို ဒီခရီးစဉ်ကို အောင်မြင်တယ်လို့ ပြောနိုင်လား။
ဖြေ။     ။ အဲဒီလောက်ကြီး လက်မထောင်ရင်တော့ ပြဿနာ ရှိတယ်ဗျ။ အခုဟာက ဘာတခုမှ အကောင်အထည် ဖော်ရ သေးတာမဟုတ်ဘူးလေ။
ဝန်ကြီးက သဘောတူလိုက်ပြီလို့ ပြောရတာကလည်း ကျနော်မပြောရင် ဘယ်သူမှ သိမှာ မဟုတ်တဲ့ အတွက် ပြောရတာ။ အဆင့် တဆင့်တော့ ဖြစ်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ အစက သူတို့ပြောတာ နားထောင်ကြည့်မယ်၊ ကျနော်လိုချင်တာ ပြောကြည့်မယ်၊ ရရင်လည်း ရ၊ မရရင်လည်းနေ။ ဒါပေမယ့် သူတို့နဲ့ တွေ့ကြည့်မယ်၊ အထဲထဲမှာ လူတွေနဲ့ စကားပြောခွင့်ရမယ်၊ ဒါ ကိုယ့်အတွက် အမြတ်ပဲလို့ဆိုပြီး သွားတာ။ ကျနော် လိုချင်တာထက် နည်းနည်းပိုပြီး ရခဲ့တယ်ပေါ့။ အခုဆို ရုပ်သံကိစ္စပါ ပါတယ်၊ ကျနော်တို့ ရုပ်သံကလည်း တိုးချဲ့ဖို့ လုပ်နေတယ်။ နေ့စဉ် အစီအစဉ်တွေ တိုးချဲ့မယ်။ ဒါတွေ ကိုလည်း ရေဒီယိုလိုပဲ ဖြတ်ပြီး ယူချင်တယ်ဆိုတာမျိုး ပြောတယ်။
မေး။     ။ ပြည်တွင်းက ပြန်လာပြီ၊ မီဒီယာသမားတွေနဲ့လည်း တွေ့ခဲ့ပြီဆိုတော့ လက်ရှိ ပြည်ပမီဒီယာတွေကို ဘယ်လိုမြင်လဲ။
ဖြေ။     ။ ဒီလောက်ကြီးတော့ ဝေဖန်စရာ မရှိပါဘူး။ ခင်ဗျားတို့ဆို ကျနော်တို့ထက်တောင် အနီးကပ် ပိုလုပ်နိုင် ကြပါ သေးတယ်။ ဒါပေမယ့် ကျနော် နည်းနည်း မျက်နှာပူခဲ့ရတာ လေးတော့ရှိတယ်။ ဒါက ကျနော် လွှတ်တော်ထဲ ရောက်တော့ လွှတ်တော် ဒုဥက္ကဋ္ဌနဲ့ စကားပြောတဲ့အခါမှာ သူပြောတာက ပြည်ပမီဒီယာတွေမှာ တခါတလေ အရမ်းလုပ်တာတွေ ရှိတယ်၊ ရည်ရွယ်ချက်ထားပြီး လုပ်တာလား၊ ဘာလားတော့ မသိဘူးတဲ့။ မှားပြီး ဖော်ပြရင်လည်း ပြင်ဆင်မှု မပေးတာရှိတယ်တဲ့။
အဲဒီတော့ ကျနော်လည်း သေချာပြောပြပါ ဘာလဲဆိုတော့၊ စခုန်တိမ့်ယိမ်းကိစ္စကို သူ ပြောတယ်ဗျ။ စခုန်တိမ့်ယိမ်းကို အကျယ်ချုပ် ချခံထားရတယ် ဆိုပြီး ရေဒီယိုတခုက လွှင့်တယ်တဲ့၊ ဒါ နာမည် ပြောစရာ မလိုပါဘူး၊ အားလုံးသိပါတယ်။ အဲဒီလို လွှင့်တဲ့အချိန်မှာ သူတို့က စားပွဲဝိုင်းမှာထိုင်ပြီး လွှတ်တော်ထဲမှာ ဆွေးနွေးနေတာ၊ စခုန်တိမ့်ယိမ်းအပါအဝင်ပေါ့၊ အဲဒီအချိန်မှာ ညဘက် ရေဒီယိုက ကြားလိုက်ရတော့ သူတို့အားလုံးလည်း ရယ်ကြတယ်ပေါ့။ ဒါတွေက အမှန်တကယ်ကို နားလည်မှု လွဲမှား သွားစေတယ်၊ ပြဿနာ တက်သွားနိုင်တယ်ပေါ့ဗျာ။ သူတို့ ပြောတာ ရှိတယ်။
နောက်တခုက သမ္မတရဲ့ အကြံပေးတွေနဲ့ စကားပြောတဲ့ နေရာမှာလည်း သူတို့က ညည်းတယ်။ သူတို့က မီဒီယာကို friendly လုပ်ဖို့ စလုပ် ကြတာပါတဲ့၊ ဒါပေမယ့် သူတို့ကို မညှာမတာ လုပ်လာတာတွေ ရှိတယ်တဲ့၊ သူတို့အနေနဲ့ အလုပ်လည်းများတယ်၊ ဟိုလူက ခေါ်ခိုင်း၊ ဒီလူက ခေါ်ခိုင်းပေါ့ဗျာ၊ အဲဒီလို အလုပ်များနေတဲ့အချိန်မှာ ည ၁၂ နာရီလောက် ဖုန်းခေါ်ပြီး အတင်း ဖြေခိုင်းတာမျိုးတွေလည်း ရှိတယ်တဲ့။ ဒါပေမယ့် သည်းညည်းခံပြီး ဖြေပေးပါတယ်တဲ့။ ဧရာဝတီနဲ့ ပတ်သက်လို့တော့ ဦးနေဇင်လတ်ပြောတာ ရှိတယ်။ ဧရာဝတီကတော့ မှားတာကို ပြင်ပေးတယ်တဲ့။ ဒါပေမယ့် တခြားတခုက မပြင်ပေးတာ ရှိတယ်၊ အဲဒီကိစ္စကိုတော့ စိတ်ဆိုးတယ်တဲ့။ အဲဒါကြောင့်လည်း သူတို့တွေ အနေနဲ့ မီဒီယာကို စကားပြောတဲ့ နေရာမှာ ကန့်သတ်တာတွေ၊ မှတ်တမ်းတွေ ထားနေရပြီတဲ့။ ဘယ်သတင်းဌာနဆိုပြောမယ်၊ ဘယ်သူ့ဆို မပြောဘူးဆိုတာမျိုး ထားနေရပြီတဲ့။ ဒါက သူတို့ ပြည်ပမီဒီယာတွေ အပေါ်မှာ ထားတဲ့ သဘောထားပေါ့နော်။
အခုအချိန်မှာတော့ ကျနော်မြင်တာက ၂၀၁၄ အတွက် ပြည်ပမီဒီယာတွေ ဝင်လာရင် Press Release တွေ ထုတ်ပေးနိုင်ဖို့ တကယ့်ကို အင်္ဂလိပ်လို ရေးနိုင်တဲ့ သူတွေနဲ့ ပြင်ဆင်နေတာမျိုး ရှိပုံရတယ်။ မီဒီယာလွတ်လပ်ခွင့် တကယ် ရမရ ကတော့ ကျနော်လည်း မပြောနိုင်ဘူး။ တကယ်ရမှပဲ ရပြီပေါ့ဗျာ။
အစိုးရအနေနဲ့ ပြည်ပမီဒီယာတွေကို ကြိုက်တယ် မကြိုက်ဘူး ဆိုတာထက် သူတို့ဘက်ကလည်း သူတို့ ဘောင်ထဲကလုပ်မယ်၊ ပြည်ပမီဒီယာတွေကလည်း လုပ်နေကြတယ်ပေါ့ဗျာ။ ဒါပေမယ့်သူတို့ဟာက အစိုးရရဲ့ သတင်းထုတ်ပြန်ရေးဌာနပဲ၊ တကယ့် ဂျာနယ်လစ်ဇင်နဲ့ လုပ်နေကြတာတော့ မဟုတ်သေးဘူး။

NLD ရွေးကောက်ပွဲဝင်မည်ကို ကြံ့ဖွံ့စိုးရိမ်

ပည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြည်ပလွှမ်းမိုးမှု ရှိသော ပါတီတခုကြောင့်မြန်မာနိုင်ငံအပေါ် ပြည်ပက လွှမ်းမိုးလာမည်ကို အထူးစိုးရိမ်သည်ဟု ပြောလိုက်ကြောင်း သတင်း ရရှိသည်။
လွှတ်တော်တက်နေသည့် တောင်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)
ဦးအောင်သိန်းလင်းက ရန်ကုန်အခြေစိုက် ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနှင့် ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ အင်းလျားကန် မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံ၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူပြောသွားတာက သူတို့က စာမဖတ်ဘူး၊ နိုင်ငံရေးအတွေ့အကြုံမရှိဘူး၊ အထက်အမိန့်ပဲ နားထောင်တတ်တဲ့ ဗိုလ်ချုပ် ဟောင်းတွေဖြစ်တယ်၊ ညွှန်ကြားတာကိုပဲ လုပ်တတ်တယ်တဲ့၊ အဲဒီတော့ သူတို့အနေနဲ့ တခြားနိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းလိုတယ်၊ လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ပေါ့။ လောလောဆယ် မြန်မာ့နိုင်ငံရေးကို ပြည်ပက လွှမ်းမိုးမှုရှိလာမယ့် အရိပ်အရောင်တွေ မြင်နေရတယ်လို့လည်း ပြောတယ်” ဟု သူက ဆိုသည်။
ဦးအောင်သိန်းလင်း ပြောသည့် ပြည်ပလွှမ်းမိုးမှု ရှိနေသော ပါတီ ဆိုသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနှင့် တွေ့ဆုံပြီး ကမ်းလမ်းမှုများ ပြုလုပ်လာခြင်းမှာ တကျော့ပြန် နိုင်ငံရေးတွင် NLD ပါဝင်လာမှုကို တန်ပြန်သည့် သဘောဖြစ်ကြောင်း ပြည်တွင်းနိုင်ငံရေးအသိုင်း အ၀န်းက ပြောဆိုနေကြသည်။
“ကြံ့ဖွံ့အနေနဲ့ အခုအခြေအနေမှာ ပါတီလှုပ်ရှားမှု မရှိသလောက် ဖြစ်နေတယ်။ ဂျာနယ်တွေ မှာကလည်း တနေ့ တနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတင်းတွေကိုပဲ အဓိက ဦးစားပေးကြတော့ ဦးဌေးဦးတို့၊ ဦးအောင်သိန်းလင်းတို့ ကိုယ်တိုင်
စိတ်မသက်မသာ ဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင် ထုတ်ဖော် ပြောခဲ့တာမျိုးရှိတယ်။ သူတို့အနေနဲ့ NLD သာ ရွေးကောက်ပွဲ ၀င်လာရင် ယှဉ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုကလည်း အတော်ကြီးလာတယ်။ ဒါကြောင့် သူတို့ဘက်မှာ ခိုင်မာအောင် မဟာမိတ်ဖွဲ့ဖို့ ပါတီတွေကို စပြီး တွေ့တဲ့သဘောလို့ ထင်ပါတယ်။ NLD က ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်၊ လူထုထောက်ခံခဲ့တယ်။ အခုလည်း ထောက်ခံမှု ရှိနေတာတွေ့နေရဆဲပဲ” ဟု ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ နိုင်ငံရေးသမား တဦးက ဆိုသည်။
ပြည်တွင်း သတင်းဂျာနယ်များတွင် ကြံ့ဖွံ့ပါတီနှင့် ဒီမိုကရေစီမိတ်ဆွေပါတီများ ပူးပေါင်းမည်ဆိုသော ဦးအောင်သိန်းလင်း၏ အဆိုကို ကိုးကား ရေးသားခဲ့သော်လည်း အဆိုပါသတင်းများ မမှန်ကြောင်း၊ အလွတ်သဘော တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ဒီမိုကရေစီ ပါတီများက သတင်းစာ ရှင်းလင်းပွဲ ကျင်းပ၍ ပြန်လည် ရှင်းလင်း ခဲ့ကြရသည်။
ကြံ့ဖွံ့ပါတီက လာမည့်ရွေးကောက်ပွဲများတွင် တခြားသော အင်အားနည်း ပါတီများကို ငွေကြေးအရ ကူညီခြင်းများ ရှိလာနိုင်ပြီး တရားဝင် မဟာမိတ်ပုံစံဖြင့် NLD ပါတီကို ယှဉ်ပြိုင်လာနိုင်ကြောင်း သုံးသပ်မှုများကလည်း နိုင်ငံရး အသိုင်းအ၀န်းတွင်
ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက် ရှိသည်။
“တချို့ပါတီတွေ ဘက်က ရုံးတွေဖွင့်ဖို့ နေရာ အကူအညီတောင်းတာမျိုး၊ ကားသွင်းခွင့်ရဖို့ တောင်းတာမျိုး တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲမှာ ပြိုင်ဖို့ ငွေရေးကြေးရေး ကူညီတာမျိုးလည်း လုပ်လာနိုင်ပါတယ်။ အင်အားနည်းတဲ့ ပါတီတွေနဲ့ ကြံ့ဖွံ့ပါတီက တရားဝင်မဟာမိတ်ဖွဲ့တာမျိုး လုပ်နိုင်ပါတယ်” ဟု ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီအဖွဲ့ဝင် နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒိမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီတို့ ပါဝင်သည်။

Friday, December 9, 2011

NLD ဈေးရောင်းပွဲတော် ခွင့်မပြု

သဲသဲ | စနေနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၀၁ နာရီ ၁၂ မိနစ် 

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ(မဇ္ဈိမ)။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးစီးကျင်းပမည်ဖြစ်သော “ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတပွဲနှင့်ဈေးရောင်းပွဲတော်” အား ခွင့်မပြုနိုင်ကြောင်း သုဝဏ္ဍ အားကစားကွင်း တာဝန်ခံများက ပြောဆိုသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

NLDက  ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၌  ရန်ပုံငွေ ဂီတပွဲတော်ကျင်းပရန် ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးချုပ်ရုံးထံ ပွဲခွင့်ပြုမိန့် တောင်းခံထားဆဲမှာပင် သုဝဏ္ဍကွင်း အာဏာပိုင်များက   အစီအစဉ် ပြန်လည်ရုပ်သိမ်းရန် သောကြာနေ့တွင် အကြောင်းကြားလာခြင်းဖြစ်သည်။

တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဖြစ်မြောက်ရေးကော်မတီတွင် NLDပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ဥက္ကဋ္ဌ၊ ပညာရေးကွန်ယက်တွင် ဦးဖြိုးမင်းသိန်းက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

ယင်းရန်ပုံငွေ ဖျော်ဖြေပွဲကို NLD ပါတီ၊  NLD ပါတီနှင့်ချိတ်ဆက် ဆောင်ရွက်နေသော ပညာရေးကွန်ယက်အဖွဲ့များနှင့် အနုပညာရှင်များက ပူးပေါင်းစီစဉ်ကြခြင်းဖြစ်သည်။

“၁၆ ရက်နေ့မှာ အမျိုးသမီးအားကစားပွဲနဲ့ တိုက်နေလို့ ဒီရက်ကို မလုပ်ဖို့ ကျနော်တို့ကို ပြောလာပါတယ်။ အခုက နောက်ဆုတ်ခိုင်းတယ်ဆိုတာ ရက်ရွှေ့ပေးဖို့ မဟုတ်ပါဘူး။ မလုပ်ဖို့ ပြန်ရုပ်သိမ်းခိုင်တာပါ။”ဟု ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက မဇ္ဈိမကိုပြောသည်။ အားကစား ၀န်ကြီးဌာန လက်အောက်ရှိ သုဝဏ္ဍအားကစားကွင်း လုံခြုံရေးတာဝန်ခံ ဒုရဲမှူးကြီး စိုးသန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပွဲကျင်းပမည့်ရက်အား အားကစာကွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ကာ သဘောတူ ရွေးချယ်ခဲ့ပြီးနောက်  ပွဲခွင့်ပြုမိန့်အတွက် လိုအပ်သော နယ်မြေဒေသခံ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများရယူကာ  ရန်ကုန်တိုင်းအစိုးရသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီက ပြောသည်။

ယင်းရန်ပုံငွေပွဲအား မူလအစီအစဉ်အတိုင်း ကျင်းပလိုကြောင်း  ဦးဖြိုးမင်းသိန်းက “အခက်အခဲတွေကတော့ လက်မှတ်တွေလည်း ကြိုရောင်းထားတယ်၊ အနုပညာရှင်တွေနဲ့လည်း ပြောဆိုထားတာတော့ အခက်အခဲတွေကတော့ အများကြီးပေါ့။”ဟု  ပြောသည်။ ကြိုတင်လက်မှတ် ရောင်းရငွေ ၁၅ သိန်းခန့် ရရှိနေပြီး ပွဲကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးသို့ တင်ပြသွားမည်ဟုဆိုသည်။

NLD ပါတီအား ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင်များ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး တိုင်းရင်းသားများ ပညာရေးအတွက် ကူညီရန် ဂီတရန်ပုံငွေပွဲကို စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

ပွဲဖြစ်မြောက်ရေး ကော်မတီမှ  ဦးဝင်းတင်၊ ပညာရေးကွန်ယက် လှုပ်ရှားသူများနှင့် ဂီတ အနုပညာရှင်များက ရန်ကုန်မြို့ ဆာကူရာ တာဝါတွင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းစာရှင်းပွဲတရပ်ပြုလုပ်ကာ ပွဲကျင်းပရေး အစီအစဉ်များကို ကြေငြာခဲ့သည်။

ဂီတပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Emperor၊ Metalzone၊ Lazy Club၊ Big Bag၊  Plus 3၊ Spectrum၊ Reason​ ၊ Wanted ၊ Vertical Vibration, The Tree အစရှိသည့် တီဝိုင်းများ နှင့်အတူ နာမည်ကျော် ဂီတ အနုပညာရှင် ၅၀ ကျော်က မေတ္တာဖြင့် ကူညီသီဆိုကြ မည်ဖြစ်သည်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏  အတ္ထုပတ္တိအား  ရုပ်ရှင်ရိုက်ကူးစေလိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်
နှင့်  မြန်မာ့ရုပ်ရှင်လောကမှ နာမည်ကျော် သရုပ်ဆောင်များ၊ အတတ်ပညာရှင်များနှင့်လည်း ဒီဇင်ဘာလ ငါး ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
 

မန်ယူရဲ့အရှုံးနဲ့ အပြန်လမ်း၊ မန်စီတီးရဲ့ အနိုင်ထဲကအရှုံး

 ချန်ပီယံလိဂ် ရှုံးထွက် နောက်အဆင့်မှာ ဆက်လက် ကစားဖို့  အဆင်သင့် ဖြစ်နေတဲ့ အသင်းတွေမှာ အင်္ဂလန်က အာဆင်နယ်၊ အီတလီက အင်တာမီလန်နဲ့  အေစီမီလန်၊ စပိန်က ဘာစီလိုနာနဲ့  ရီးရဲယ် မက်ဒရစ်၊ ဂျာမဏီက ဘေယန်မြူးနစ်။ ဆိုက်ပရပ်က အပိုနီတိုးရှား၊ ရုရှားက ဇင်းနစ်၊ ဟော်လန်က အေဂျက် စတဲ့ အသင်း (၉) သင်းက အုပ်စုလိုက် ဇယားထိပ်တွေမှာ ရှိနေတဲ့အတွက် နောက်တဆင့် တက်ခွင့်ရပြီးတဲ့ အသင်းတွေလို့ ပြောရမှာပါ။
ဗုဒ္ဓဟူးနေ့က ဘေဆယ်ရဲ့အိမ်ကွင်းမှာ ဘောလုံးလုနေကြတဲ့ မန်ယူအသင်းက နာနီ နဲ့ ဘေဆယ်အသင်းက ဂျိုဟိုပတ် (ဓာတ်ပုံ - AP)
ဒီဇင်ဘာ ၇ ရက်နဲ့  ၈ ရက်နေ့ တွေမှာ ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဆုံးအဖြတ် နောက်ဆုံးပွဲစဉ်တွေမှာ ဖိအားတွေ၊ ဝေဖန်မှုတွေ နဲ့  အင်္ဂလန် ကလပ်သင်းတွေဟာ ကစားကြရပါတယ်။ ပြင်းပြင်း ထန်ထန် ရုန်းကန်ခဲ့ကြတဲ့ အင်္ဂလန်အသင်းတွေထဲက ချဲဆီး၊ မန်ယူ၊ မန်စီတီး အသင်းတွေထဲမှာ ချဲဆီးအသင်းဟာ အိမ်ကွင်းမှာ ဒရော့ဘာ နဲ့  ယာမီရီ တို့ရဲ့ ဂိုးတွေနဲ့  ဗလင်စီယာကို ၃ ဂိုးပြတ် အနိုင် ကစားနိုင်ခဲ့တဲ့အတွက် တဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
လက်ကျန် ၇ ပွဲမှာ  အင်္ဂလန်အသင်းတွေဖြစ်တဲ့ နည်းပြဖာဂူဆန်ရဲ့မန်ယူနဲ့  မန်စီနီရဲ့ မန်းစီးတီးတို့ ဟာ ဖိအားပေးမှုတွေကို ချေဖျက် ကျော်လွှားနိုင်ဖို့  အဝေးကွင်းတွေမှာ ယဉ်ပြိုင်ခဲ့ကြရပါတယ်။ သို့ပေမဲ့ မန်ယူအသင်းဟာ  ဘေဆယ်ကို အဝေးကွင်းမှာ ၂း၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ဖာဂါဆန် အပါအ၀င် မန်ယူပရိသတ် ခံပြင်း ဒေါသထွက်ကြရပါတယ်။ ဘေဆယ်အသင်းဟာ မားကိုစတယ်လာ နဲ့ အလက်ဇန္ဒားဖာရီတို့ နှစ်ဦးရဲ့ အနိုင်ဂိုးတွေကြောင့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ထိပ်ကနေ ဦးဆောင်ကစားနေကျ အသင်းကြီး မန်ယူကို အနိုင်ယူလိုက်ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဒါဟာ ဘေဆယ်အသင်းရဲ့ သမိုင်းမှာ ဒီအဆင့်ကိုရောက်တာ ဒုတိယအကြိမ်မြောက်ပဲ ရှိပါသေးတယ်။
အခုလို မန်ယူအသင်း ဒီအဆင့်က ထွက်သွားရတဲ့အတွက် ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့ အင်္ဂလန်အသင်းတွေ နေ၀င်တော့မှာလားလို့  မေးခွန်း ထုတ်စရာ၊ ဝေဖန်စရာ ဖြစ်လာပါတယ်။ မန်ယူက အိမ်ရှင် ဘေဆယ်အသင်းကို ဖိ ကစားထားပေမဲ့ အိမ်ရှင်အသင်းရဲ့ ခံကတုတ်စည်းကို မဖောက်နိုင်ခဲ့ပါဘူး။ ဘေဆယ်အသင်းရဲ့ တိုက်စစ်ကို ခုခံဖျက်ထုတ်တာတွေ လျော့လျဲပြီး မန်ယူရဲ့တိုက်စစ်ဟာ မမြှင့်တင်နိုင်ဘဲ ဘောလုံး ဆုံးရှုံးမှုတွေသာ ကြုံခဲ့ရပါတယ်။ ဖီလ်ဂျုံးစ်က တဂိုး သွင်းပေးပြီး မန်ယူအသင်းကို မျှော်လင့်ချက် ပေးနိုင်ခဲ့ပေမဲ့ အင်မတန် နောက်ကျသွားပြီမို့ အရှုံးရလဒ်နဲ့  နောက်ကြောင်း လှည့်ခဲ့ရတာပါ။ ၂၀၀၅- ၂၀၀၆ ရာသီက စလို့ ဒီတကြိမ်ဟာ ၁၆ အသင်း အဆင့်ကို မတက်နိုင်တာ မန်ယူအတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က “ဘယ်လို ခံစားရမှန်းမသိအောင် စိတ်ပျက်ရပါတယ်ဗျာ” လို့ ဆိုရတဲ့အထိ ညည်းတွားခဲ့ရတဲ့ မန်ယူအတွက် သမိုင်းဝင် ရှုံးနိမ့်မှုပါ။ ဒီအတွက် ပရီမိးယားလိဂ် ပြိုင်ပွဲကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ပြိုင်ပွဲ အစဉ်အလာကောင်းတွေ၊ ရလဒ်ကောင်းတွေရှိတဲ့ အသင်းကြီးဖြစ်ပါတယ်။ ဘေယန်မြူးနစ်ကွင်းမှာ ကစားရတဲ့  မန်စီတီး အသင်းဟာ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်တယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမဲ့ အကျပ်အတည်းများနဲ့  မန်စီတီး ဆိုတာရယ်၊  ဥရောပရဲ့ အကောင်းဆုံး ၁၆ သင်းမှာ မန်စီတီး ပါလာမလား ဆိုတဲ့ မီဒီယာက အသံတွေဟာ နည်းပြမန်စီနီအတွက် သတိပေး သံချောင်းခေါက်သံတွေ ဖြစ်ခဲ့ပါတယ်။
မန်စီတီးအတွက် အခွင့်အလမ်းတခုကတော့ ဘေယန်မြူးနစ်အသင်းဟာ ဒီပွဲမကစားမီ အုပ်စု (က) မှာ ၇ မှတ် ၁၀ မှတ် နဲ့  ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အတွက် အရံတွေကို ထုတ်သုံးပြီး သရေလောက်ပဲ ကစားမယ် ဆိုတဲ့ အချက်ပါ။ ယှဉ်ပြိုင်ကစားတဲ့အခါမှာတော့ ထင်ထားတာထက် မန်စီးတီးဟာ တိုက်စစ်နဲ့  တောက်လျှောက် ဖွင့်ကစားပြီး ဘေယန်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဆေးဗားလ် (၃၆ မိနစ်)၊ တိုရေး ( ၅၂ မိနစ်)  တို့ ရဲ့ ဂိုးတွေနဲ့  ဘေယန်ကို အနိုင်ရခဲ့ပေမဲ့ နာပိုလီကလည်း ဗီလာရီးရဲကို (၂းဝ) နဲ့  နိုင်လိုက်တဲ့အတွက် မန်စီတီးဟာ ဥရောပ  အကောင်းဆုံး (၁၆) သင်းမှာ မပါနိုင်ဘဲ ကျန်ခဲ့ရပါပြီ။ မန်ယူ မန်စီတီး (မြို့ ခံ ၂ သင်း) ရဲ့ ရလဒ်တွေဟာ မန်ချက်စတာမြို့ သားတွေ အတွက်တော့ ကြေကွဲ၍ မဆုံးနိုင် ဖြစ်ကြမှာ သေချာလှပါတယ်။
၂၀၁၂ ဇွန်လမှာ ကျင်းပမယ့် ယူရို ၂၀၁၂ ဥရောပ ချန်ပီယံ ဗိုလ်လုပွဲအတွက် အုပ်စုတွေ မဲနှိုက်ခဲ့ကြပါတယ်။ အုပ်စု (က) မှာ ပိုလန်၊ ဂရိ၊ ရုရှား၊ ချက်။ အုပ်စု (ခ) မှာ ဟော်လန်၊ ဂျာမဏီ၊ ပေါ်တူဂီ၊ ဒိန်းမတ်။ အုပ်စု (ဂ) မှာ စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား။ အုပ်စု (ဃ) မှာ ယူကရိန်း၊ အင်္ဂလန်၊ ပြင်သစ်၊ ဆွီဒင်တို့ ဖြစ်ကြပါတယ်။
စပိန်နည်းပြ ဒဲလ်ဘော့စကီးက ယူရို – ၂၀၁၂ ဗိုလ်လုပွဲစဉ်မှာ ဂျာမဏီအသင်းနဲ့ တွေ့ချင်တယ်၊  အီတလီအသင်းဟာ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အဘီတီက လက်ရှိချန်ပီယံ စပိန် နဲ့ စောစောစီးစီး ဆုံတွေ့ရတာ ၀မ်းသာပါတယ်လို့ တုန့်ပြန်လိုက်ပါတယ်။
အုပ်စု (ဃ) မှာပါဝင်တဲ့ အင်္ဂလန်ဟာ ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံမှာ ဖြစ်ပါတယ်၊ အုပ်စု (ခ) ကတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် မရဏအုပ်စုလို့ သတ်မှတ်ထား ကြပါတယ်၊ အုပ်စု (က) မှာ ပါဝင်တဲ့ အသင်းတွေကတော့ ခြေမကွာတဲ့ အတွက် ကစားပွဲတွေကရမယ့် အဖြေကို စောင့်ကြည့်ရမှာပါ။

Thursday, December 8, 2011

အလုပ်လက်မဲ့လူငယ်များအတွက် နာရေးကူညီမှုအသင်းမှ အင်္ဂလိပ်စာနှင့်ဟိုတယ် သင်တန်းများ အခမဲ့သင်ကြားပေးမည်

နာရေးကူညီမှုအသင်းမှ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များအတွက် ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းနှင့် ဟိုတယ်သင်တန်းများကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ သိရှိရသည်။

နာရေးကူညီမှုအသင်းမှ ဖွင့်လှစ်ပေးမည့် သင်တန်းများသို့ တက်ရောက်လိုသူ လူငယ်များ အနေဖြင့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်ကြောင်းကိုလည်း သိရှိရသည်။

''အခုခေတ်လူငယ်တွေက အလုပ်အကိုင်အခွင့်အလမ်းမရဘူး။ ဟိုတယ်နဲ့ပတ်သတ်တဲ့ သင်တန်းတွေ ဖွင့်ရတာက အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေ လက္ဘက်ရည်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေမှာ အချိန်ကုန် နေမယ့်အစား လုပ်ငန်းခွင်ဝင်ပြီး သူတို့ရဲ့ ဘ၀တွေ တည်တည်ငြိမ်ငြိမ် နဲ့တိုးတက်စေ ချင်လို့ပါ'' ဟု နာရေးကူညီမှုအသင်းမှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် ကပြောသည်။

လူငယ်များအနေဖြင့် အခြေခံအင်္ဂလိပ်စာကို မဖြစ်မနေ သိသင့်သောကြောင့် သင်တန်းများ ဖွင့်လှစ် ရခြင်းဖြစ်ပြီး ဟိုတယ်သင်တန်းဖွင့်ရခြင်းမှာ လူငယ်၏အလုပ်အကိုင်အခွှုင့်အလမ်း အတွက်ဖြစ်ကြောင်း သိရှိရသည်။

အင်္ဂလိပ်စာ 4Skills သင်တန်းတွင် အတန်းနှစ်တန်းရှိ၍ တစ်တန်းလျှင် သင်တန်းသား အယောက် (၃၀)ဖြင့် သင်တန်းသားဦးရေ (၆၀)လက်ခံသင်ကြားပေးမည်ဖြစ်ပြီး၊ ဟိုတယ်နှင့် ပတ်သက်သည့် သင်တန်းများတွင် လျှောက်ထားသူ ၁၀၀(တစ်ရာ)လက်ခံ၍ သင်တန်းသား (၂၅)ဦးကိုသာ လက်ခံ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်သင်တန်းတက်လိုသူများအနေဖြင့် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် သင်တန်း လျှောက်လွှာများကို လျှောက်ထားနိုင်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေးဖြေစာမေးပွဲ ဖြေဆို၍ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း၊ သင်တန်း ကာလမှာ ဇန်န၀ါရီလ ၇ရက်မှ မတ်လ ၂၇ ၇က်နေ့ထိဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်းမှာ တက္ကသိုလ် ၀န်ထမ်း အောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်သင်တန်းတက်ရောက်ရန် လျှောက်ထားသော လျှောက်လွှာရှင်များကို ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲများ အောင်မြင်မှသာ စဉ်းစားမည်ဖြစ်ကြောင်းသိရသည်။

''လောလောဆယ် အလုပ်မရှိသေးလို့ နာရေးကူညီမှုအသင်းမှာ ကုသိုလ်ရမည့်အလုပ်ကို ၀င်လုပ်ပေး ရင်း ပညာပါရမယ်ဆိုတော့ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်။'' နာရေး ကူညီမှု အသင်းမှ စေတနာ့ ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခုကဲ့သို့သင်တန်းများဖွင့်ရခြင်းမှာ နာရေးကူညီမှုအသင်းအနေဖြင့် အသိပညာဖြန်ဖြူးရေး အတွက်ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်တွင် အင်္ဂလိပ်စာ 4Skills သင်တန်း မှာ (၃)ကြိမ်မြောက်ဖြစ်ပြီး၊ ဟိုတယ်သင်တန်းမှာ (၂)ကြိမ်ရှိပြီ ဖြစ်ကြောင်းသိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

Wednesday, December 7, 2011

ကျောင်းသင်ရိုးများလည်း ပြင်ဆင်သင့်ဟု ပြောကြ


 

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အစိုးရမှ မြန်မာ့ပညာရေးတိုးတက်ရန် ပုဂ္ဂိလကကျောင်း ဥပဒေပြဋ္ဌာန်းကာ အခြေခံ
ကျောင်းများ တည်ထောင်ခွင့်ပြုလိုက်သည်ကို ကြိုဆိုသော်လည်း ခေတ်နှင့် မလျော်ညီတော့သည့် သင်ရိုးများကို
ပြန်လည်ပြင်ဆင်သင့်ပြီဟု ပညာရေးဝန်ထမ်းဟောင်းများနှင့် ပညာရေးဝန်ဆောင်မှုပေးနေသူများက ပြောသည်။

မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် ကျင့်သုံးနေသည့် လက်ရှိသင်ရိုးညွှန်းတမ်းများသည် လွန်ခဲ့သည့် အနှစ် ၃ဝ က သင်ရိုးများဖြစ်နေကာ ခေတ်မီအကြောင်းအရာများ မပါရှိရှိခြင်း၊ ခေတ်မီ ဝေါဟာရများနှင့် သရုပ်ဖေါ်ပုံများ မပါရှိခြင်းတို့ကြောင့် မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျနေခြင်းကြောင့် သင်ရိုးများကို ပြင်ဆင်သင့်သည်ဟု ယူဆကြောင်း အထက်မြန်မာပြည်အခြေခံပညာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာဦးနိုင်ငွေသိန်းက မဇ္ဈိမကိုပြောသည်။

" အခြေခံပညာမှာ တကယ့်အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် အဲဒါတွေခေါ်ပြီးတော့ ပြင်ဖို့လိုတယ်။ " ဟု ဦးနိုင်ငွေသိန်းက ပြောသည်။
student2
ယခုလ နှစ်ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေတွင် ကိုယ်ပိုင်ကျောင်းများသည် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော သင်ရိုးမာတိကာများအတိုင်း သင်ကြားရမည်ဖြစ်ပြီး ထိုဘာသာရပ်များနှင့် ပတ်သက်သည့် ဆက်စာ သင်ခန်းစာများကိုသာ သင်ကြားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် မြန်မာစာ ကထိက တာဝန်ထမ်းဆောင်ဖူးသူ စာရေးဆရာကြီး ဦးအောင်သင်း ကလည်း ယခု လက်ရှိ အခြေခံပညာသင်ရိုးများကို ပြန်လည်ပြင်ဆင်သင့်ကြောင်းပြောဆိုပြီး ပညာရေးကို လွတ်လပ်မှု ပေးသင့်ကြောင်း မဇ္ဈိမကိုပြောသည်။

" ပညာရေး တိုးတက်ခွင့်မရရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်ခွင့်မရဘူး၊ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး
ပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ အစိုးရက ဘာမှ စွက်ဖက်ခွင့် မရှိတဲ့တိုင်းပြည်ဟာ တိုးတက်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာဆိုတာဟာ ကြိုက်သလောက် လွန့်လူးပါစေ၊ ကြိုက်သလောက် ကျက်စားပါစေ၊ ကြိုက်သလောက်
မြှင့်တင်ပါစေ အဲဒီဟာကို လုံးဝ လွတ်လပ်ခွင့်ပေးရတယ်၊ အဲဒါကို အစိုးရက အကူအညီပေးရတယ်၊ အဲဒါဟာ တိုင်းပြည် တိုးတက်မှုရဲ့ အကြောင်းရင်းကြီးပဲ။" ဟုပြောသည်။

လက်ရှိ အခြေခံပညာရေး၏ သင်ရိုးညွှန်းတမ်းများသည် ကလေးများ၏ တွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတို့အတွက် အားနည်းနေသေးသည်ဟု မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်ရှိ ဖေါင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော်ကြီး ဦးနာယက က မဇ္ဈိမကို မိန့်ကြားသည်။

ဖေါင်တော်ဦး ဘုန်းတော်ကြီးကျောင်းသည် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ပေးသည့် သင်ရိုးများအတိုင်း သင်ကြား
နေသော်လည်း ကလေးများ တွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် သင်ကြားနည်းစနစ်ကို သုံးသည်ဟု ဆရာတော် ဦးနာယက က ဆက်လက်မိန့်ကြားသည်။

"သင်ရိုးကတော့ ပညာရှင်တွေ ပြင်ဖို့ စဉ်းစားပေါ့၊ ဦးဇင်းအနေနဲ့ကတော့ သင်ကြားနည်းတွေပေါ့။ (ကလေးဗဟိုပြု သင်ကြားနည်းစနစ်) တို့ ( ဝေဖန်ပိုင်းခြားတတ်ရန် စာဖတ်ခြင်းနှင့် စာရေးခြင်း)တို့ အဲဒီလိုဘက်ကို ပို့နိုင်တာ နည်းနေတယ်လို့ စဉ်းစားမိတယ်၊ အဲဒီ စနစ်ကို သွားနိုင်ရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်။ သင်ရိုးပြောင်း
နေရင်လည်း ကြာနေမှာစိုးတော့ ကလေးတွေအတွက် အဲဒီ သင်ရိုးတွေကိုပဲ Thinking Process တွေရအောင် သင်ပေးနေတယ်။" ဟု မဇ္ဈိမကို အမိန့်ရှိသည်။

ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်း ဥပဒေအရ ပုဂ္ဂလိကကျောင်းများ ပေါ်ထွန်းလာနိုင်သော်လည်း ငွေကြေး တတ်နိုင်သူများသာ တက်နိုင်သည့် ကျောင်းများပေါ်ထွက်လာမည်ကို စိုးရိမ်ကြောင်းလည်း မူလတန်းမှ တက္ကသိုလ် ဝင်တန်း အထိ ကျောင်းသား ၆,ဝဝဝ ကျော်အတွက် အခမဲ့ သင်ကြားပေးနေသည့် ကျောင်းအုပ်ဆရာတော် ဦးနာယက ဆက်လက် မိန့်ကြားသည်။

သို့သော် ပညာသင်ကြားမှုအတွက် ငွေးကြေးမတတ်နိုင်သူများအတွက် ဘုန်းတော်ကြီးများ စီမံခန့်ခွဲကာ ဆရာများ ငှားရမ်းသင်ကြားပေးနိုင်မည့် ဘုန်းတော်ကြီး အခမဲ့ ပညာသင်ကျောင်းများ ဖွင့်လှစ်ပေးနိုင်ရန် စွမ်းဆောင်သင့်
ကြောင်း စာရေးဆရာကြီး ဦးအောင်သင်းက တိုက်တွန်းသည်။

"ဘုန်းကြီးကျောင်းတွေ ဖွင့်ပေးရမယ်၊ ဘုန်းကြီးတွေ ဦးစီးပြီးတော့ ဖွင့်ပေးရမယ်၊ ဘုန်းကြီးတွေက ဘုရားတည်တာ ပြိုင်နေကြတယ်၊ ဘုရားကို ရွှေချလို့ တိုင်းပြည်အနာဂတ် မတောက်ပဘူး၊ လူငယ်တွေကို ရွှေချမှ အနာဂတ်
တောက်ပမယ်။ ဘုန်းကြီးတွေ အဲဒါ သတိကြီးဖို့ လိုတယ်။ မြန်မာပြည်မှာရှိတဲ့ ဘုန်းကြီးတွေက ခေတ်သစ် ပညာရေးကို မျက်စိပွင့်ဖို့လိုတယ်။ ကိုရင်တွေလည်း သင်ပေါ့၊ ပုဂ္ဂလိက ကျောင်းဖွင့်ပစ်ပေါ့၊ ကိုရင်တွေလည်း သင်္ကန်းဝတ်တွေနဲ့ ကျောင်းတက်ပေါ့။ ဘုန်းကြီးတွေ လူထွက်သွားတော့လည်း လူ့လောကမှာ ပညာတတ်ရင် အမြတ်ဖြစ်တာပဲ။" ဟု မဇ္ဈိမကိုပြောသည်။

ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်းဥပဒေအရ ကိုယ်ပိုင်ကျောင်း တည်တောင်လိုသူများအနေဖြင့် အခြေခံ ပညာ မူလတန်းမှ အထက်တန်းအထိ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်ရှိသည်။ အဆိုပါကျောင်းများကို သက်ဆိုင်ရာ တိုင်း၊
ပြည်နယ်များရှိ အခြေခံ ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးမှူးတို့မှ ကြပ်မတ် ကွပ်ကွဲမည် ဖြစ်သည် ဟု ဥပဒေက ပြဋ္ဌာန်းသည်။

ကိုယ်ပိုင်ကျောင်းများသည် ထပ်ဆောင်းဘာသာရပ်နှင့် ထပ်ဆောင်း ဘာသာစကားများကို သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သင်ကြားနိုင်မည်ဟုလည်း ဥပဒေတွင် ဖေါ်ပြထားသည်။ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများသည် ပြည်တွင်း၊ ပြည်ပတက္ကသိုလ် တခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊ ဆရာ အတတ်သင် ပညာဆိုင်ရာ ဒီပလိုမာ လက်မှတ်ရရှိပြီးသူ အခြေခံပညာကျောင်းများတွင် အနည်းဆုံး လုပ်သက် ငါးနှစ်ရှိသူတို့ လျှောက်ထားနိုင်သည်ဟု ဥပဒေတွင် ပါရှိသည်။

ကိုယ်ပိုင်ကျောင်းများသည် ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်သည့် ကျောင်းမဖြစ်စေရန်နှင့် နိုင်ငံခြား အဖွဲ့ အစည်း အကူအညီဖြင့် တည်ထောင်သောကျောင်း မဖြစ်ရန် ကန့်သတ်ထားပြီး သာသနာပြုကျောင်းမဖြစ်ရဟုလည်း ဥပဒေက ကန့်သတ်ထားသည်။

ယင်းအပြင် ကိုယ်ပိုင်ကျောင်း တည်ထောင်လိုသူများသည် မြန်မာနိုင်ငံသား ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်ကျောင်းများသည် နိုင်ငံတော်၏ အကျိုးကို ထိခိုက်သော သို့မဟုတ် နိုင်ငံတော်၏ မူဝါဒနှင့် ဆန့်ကျင်သော အကြောင်းအရာများ သင်ကြားမှု၊ လေ့ကျင့်ခန်းပေးမှု သို့မဟုတ် ထိုသို့ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခြင်း မပြုရဟု ကန့်သတ်ချက်များ ပါရှိသည်။

ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်မရှိဘဲ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခွင့် မရှိသကဲ့သို့ သင်ကြားမှုဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောပို့ချခြင်း မပြုရဟုလည်း တားမြစ်ထားသည်။ ဥပဒေပါ အချက်အလက်များကို ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် သုံးသိန်းတို့ကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည်။



 

Monday, December 5, 2011

ဆန်း နှင့် ကြည် (ဒဂုန်တာရာ)

Saturday, December 3, 2011

သမိုင်းဝင်မယ့် အပြုံးများ

မနက် ၆ နာရီ အချိန်ဖြစ်လို့ ပတ်ဝန်းကျင်တခုလုံး အလင်းရောင် အနည်းငယ်သာ ရှိသေးချိန်၊ ရန်ကုန် ဗဟန်းမြို့နယ်
တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်မှာတော့ အပြာရင့်ရောင် ယူနီဖောင်းဝတ် လက်နက်ကိုင် ရဲတွေကို အများအပြား တွေ့နေရတယ်။ ၁၅ ပေအကွာတိုင်းမှာ ရဲသား ၂ ဦးကျ ချထားပြီး နေရာတိုင်းမှာ ရဲတွေကို အသင့်အနေအထား တွေ့မြင်နေရပါတယ်။
ခြံအမှတ် ၅၄/ ၅၆ ရှေ့မှာတော့ ဓာတ်ပုံ ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ ကိုင်ဆောင်ထားတဲ့ သတင်းသမားတွေ
အစုအဝေးလိုက် တရုံးရုံးဖြစ်နေကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းအတွင်း မစ္စ ဟီလာရီ ကလင်တန်နှင့် အတူ (ဓာတ်ပုံ - Reuters)
လူစုလူဝေးထဲမှာ နိုင်ငံခြားသားတွေ ပါသလို၊ မြန်မာ့ရိုးရာ တိုက်ပုံနဲ့ ပုဆိုးဝတ်ဆင်ထားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် တွေ၊ အမျိုးသမီး သတင်းထောက်တွေလည်း အများအပြား ရောက်ရှိနေကြတယ်။
“အားလုံးပဲဗျာ၊ ခဏလေးပါ။ ၇ နာရီခွဲမှ ၀င်ခွင့်ပေးမယ်။ အခုဝင်ခွင့် မပေးသေးဘူးဗျာ။ နားလည်ပေးကြပါ” လို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြန်ကြားရေး တာဝန်ခံတဦးက မေတ္တာရပ်ခံ ပြောဆိုနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရအရာရှိတွေ၊ အထူးကိုယ်စားလှယ်တွေ လာတိုင်း ခြံဝန်းထဲ သတင်းယူခွင့် ပေးနေကြဖြစ်ပေမယ့် ဒီနေ့ လာရောက် တွေ့ဆုံမယ့်သူက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဖြစ်နေတာကြောင့် နိုင်ငံတကာ သတင်းထောက်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အပါအ၀င်
နိုင်ငံတကာ အသိုင်းအ၀န်းက အထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
နှစ်ပေါင်း ၅၆ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ
သမိုင်းဝင် ခရီးစဉ်တခု ဖြစ်တဲ့အတွက် လုံခြုံရေးအရလည်း တင်းကျပ်မှုများစွာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
အမေရိကန် လုံခြုံရေးတပ်သားတွေကလည်း သူတို့ နိုင်ငံခြားရေး ဝန်ကြီးရဲ့ လုံခြုံရေးအတွက် အရမ်းကို ဂရုစိုက်နေကြသလို မြန်မာအစိုးရ ဘက်ကလည်း အစိုးရ မနက် ၇ နာရီခွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို
သတင်းထောက်တွေအားလုံး ၀င်ခွင့်ပြုခဲ့ပါတယ်။
ကြိုတင် စာရင်းမပေးမိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်သတင်းယူခွင့် မရတဲ့ နိုင်ငံခြားသား သတင်းထောက်တွေ၊ မြန်မာနိုင်ငံသား သတင်းထောက် ၃၀ နီးပါးလောက်လည်း ခြံရှေ့ရောက်နေပြီး သူတို့တတွေ သတင်းယူခွင့် ရမလားဆိုတဲ့ မျက်ဝန်းတွေနဲ့ ခြံဝန်းတံခါးကို လှမ်းမျှော်ကြည့်နေကြတယ်။
“အားလုံးပဲဗျာ၊ အိတ်တွေ၊ ကင်မရာတွေ၊ အားလုံးကို ကွန်ကရစ်လမ်းပေါ်မှာ စုပုံချထားပေးပါ၊ အိတ်တွေလည်း ဖွင့်ထားပေးပါ” လို့ အမေရိကန် သံရုံးလုံခြုံရေးဌာနက မြန်မာ ၀န်ထမ်းတဦးက အော်ဟစ်ပြောဆိုနေတယ်။
ဟီလာရီ ကလင်တန် နေပြည်တော်လေဆိပ်ကို မဆိုက်ရောက်ခင်မှာ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေ စုပုံ ချခိုင်းထားပြီး ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းခဲ့ သလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲ သတင်းလာယူတဲ့ သတင်းသမားတွေရဲ့ အိတ်တွေ၊ ကင်မရာတွေကိုလည်း ခွေးနဲ့ အနံ့ခံ မိုင်းရှာခိုင်းပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ ခွေးနဲ့ မိုင်းရှာနေတဲ့ပုံကို မိုဘိုင်းလ်ဖုန်း ကင်မရာနဲ့ လုံးဝ ဓာတ်ပုံရိုက်ခွင့် မပေးတော့ပါဘူး။
အဲဒီနောက် သတင်းထောက်တွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်ရဲ့ဘေးမှာ ထိုင်ခုံတွေနဲ့  နေရာချထား ပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ကလင်တန်တို့ကို ဤသို့ ရင်းရင်းနှီးနှီး တွေ့ရသည်။ (ဓာတ်ပုံ Getty Images)
ပူပြင်းလှတဲ့ နေရောင်အောက်မှာ သတင်းထောက်တွေအားလုံး နေရာကိုယ်စီယူလို့ အပူဒဏ်ကို ဂရုမစိုက်အား ကြပါဘူး။
အထူးသဖြင့် နိုင်ငံခြားသား သတင်းထောက်တချို့က ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ သူတို့ ပြင်ဆင်စရာ ရှိတွေကို ပြင်ဆင်ပြီး သတင်းယူဖို့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာတော့ သတင်းထောက်တွေ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ သံ ၁/ ၁ တံဆိပ်ကပ်ထားတဲ့ အနက်ရောင် ကားကြီးထဲက မိုးပြာရောင်အင်္ကျီ၊ အနက်ရောင် စတိုင်ဘောင်းဘီကို စမတ်ကျကျ ၀တ်ဆင်ထားတဲ့ အမျိုးသမီးကြီး တဦးထွက်လာတယ်၊ သူ့ကို ဒေါ်အောင်ဆန်းစုကြည်က ခရီးဦးကြိုပြုရင်း အပြုံးနဲ့ နှုတ်ဆက်ပါတယ်။ အဲဒီ အမျိုးသမီးကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့ စတင်တွေ့ဆုံ ကြတဲ့အချိန်မှာ သူတို့နှစ်ဦးစလုံးရဲ့ အသွင်အပြင်က နှစ်ပေါင်းများစွာ ကွဲကွာသွားခဲ့ရတဲ့ ညီအစ်မ အရင်းတွေလို တဦးကို တဦး ကြင်ကြင်နာနာ ဖေးဖေးမမနဲ့ လက်ဆွဲ နှုတ်ဆက် ကြတယ်။ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်မှာ ၀မ်းသာပီတိဖြစ်တဲ့ အပြုံးရိပ် တွေက အထင်သား ပေါ်လွင်နေတယ်။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေက ပီတီမျက်ရည်တွေနဲ့ လင်းလက်နေတာကို တွေ့မြင်ရပါတယ်။
ဟီလာရီ ကလင်တန်နဲ့အတူ မစ္စတာ ကာ့ကမ်း ဘဲလ်၊ မစ္စတာ ဒဲရစ် မစ်ချဲလ်၊ မစ္စတာ ပို့စနာ အစရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတွေ အားလုံး စုံစုံညီညီ လိုက်ပါလာကြတယ်။ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်ထဲကို ၀င်ရောက်ပြီး တွေ့ဆုံဆွေးနွေး စကားပြောတာတွေ စတင်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာ ရောက်ရှိနေတဲ့ သတင်းထောက်တွေကတော့ ချွေးတပြိုက်ပြိုက် ကျလို့ ရေသန့် ဘူးလေးတွေ ကိုင်ထားကြတယ်။
“ဟီလာရီ ကလင်တန်လို ကမ္ဘာ့ နာမည်ကျော် ခေါင်းဆောင်တဦး လာရောက်တာ အရမ်းကို ၀မ်းသာတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အရမ်းအားတက်ပါတယ်” လို့ မြန်မာသတင်းထောက်တဦးက ဂျပန်နိုင်ငံသား သတင်းထောက်တဦးရဲ့
မေးမြန်းချက်ကို အင်္ဂလိပ်လို ဖြေကြားတာ ကြားလိုက်ရပါတယ်။
မြန်မာနိုင်ငံသား သတင်းထောက်တွေရဲ့ မျက်နှာတွေက ချွေးတွေအလိမ်းလိမ်း ဖြစ်နေပေမယ့် အပျော်ရိပ်တွေ အထင်းသား တွေ့မြင်နေရတယ်။ သူတို့အားလုံး တက်ကြွနေကြတယ်။
မနက် ၁၀ နာရီကျော်လာပြီဖြစ်လို့ နေရောင်က ပိုပူပြင်းလာတယ်။ အပူဒဏ်မခံနိုင်တော့တဲ့ သတင်းထောက်တွေက နီးစပ်ရာ အရိပ်ကိုခိုရင်း၊ အချင်းချင်းစကားပြောရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟီလာရီ ကလင်တန်တို့နှစ်ဦး ထွက်လာတော့ လေမလား ဆိုတဲ့ အတွေးနဲ့ စောင့်ဆိုင်း နေကြပါတယ်။
မနက် ၁၁ နာရီထိုးခါနီးခန့်မှာ ဟီလာရီ ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး လမ်းလျှောက်ရင်း စကား တပြောပြောနဲ့ ခြံဝန်းထဲကို ဆင်းလာကြတယ်။
သတင်းထောက်တွေ အားလုံးက သူတို့နှစ်ဦးစလုံး လမ်းလျှောက် လာနေတာကို အမိအရ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူး ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစိမ်းရင့်ရောင် ရင်ဖုံးအင်္ကျီ၊ အစိမ်းနုရောင် ချိတ်ထမီ ၀တ်ဆင်ထားပြီး ခွပ်ဒေါင်းပုံစံ ရင်ထိုးလေးကို တပ်ဆင်ထားတယ်။ စမတ်ကျကျ ၀တ်ဆင်ထားတဲ့ ဟီလာရီကလင်တန်ရဲ့ လည်တိုင်မှာ ဆွဲထားတဲ့ ငွေရောင် ဆွဲကြိုးကလည်း နေရောင်အောက်မှ တောက်ပနေတယ်။ သူတို့နှစ်ဦးစလုံး အတူယှဉ်တွဲ ရပ်နေပုံက လှပပြီး ကျက်သရေ ရှိလှပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို စတင် စကားပြောတယ်။
ဒီအချိန်က နှစ်နိုင်ငံလုံးအတွက် သမိုင်းဝင် အချိန်အခါဖြစ်တယ် ဆိုတဲ့အကြောင်းနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုကို ရတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နောက်တော့ မြန်မာပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာ အကူအညီတွေ လိုအယ်တယ် ဆိုတဲ့အကြောင်းနဲ့ ပြည်တွင်းစစ်ရပ်စဲရေးတွေ၊ ဥပဒေစိုးမိုးရေးတွေ အတွက် အမေရိကန်က အမြဲ ပံ့ပိုးပေးသွားမယ် ဆိုတာ ယုံကြည်တယ်လို့လည်း သူက ပြောပါတယ်။
“အစိုးရ၊ အတိုက်အခံတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ကြမယ်ဆိုရင် ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းက နောက်ကြောင်း ပြန်လှည့်စရာ မရှိပါဘူး။ အခု ဒီမိုကရေစီ လမ်းကြောင်းကို ကျမတို့ မရောက်သေး ပေမယ့်လည်း ကျမတို့ မိတ်ဆွေကောင်းတွေရဲ့အကူအညီနဲ့ အဲဒီလမ်းကို အမြန်ဆုံး ရောက်နိုင်တော့မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံက မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတယ်လို့ ထုတ်ပြန်တဲ့အတွက် ဒီထိတွေ့ဆက်ဆံမှု မူဝါဒဟယ တကမ္ဘာလုံးရဲ့ ထောက်ခံမှု ရှိနေတာကို ပြသနေတာနဲ့ အတူတူပါပဲ” အစရှိတဲ့ အချက်အလက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
မစ္စ ကလင်တန်၊.ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမျိုးသမီး အဖွဲ့ဝင် တချို့ကို ပြုံးပျော်စွာ တွေ့ရစဉ်(ဓာတ်ပုံ - Reuters)
ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧည့်ဝတ်ကျေ ကြိုဆိုမှုကို ၀မ်းသာတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းပြတ်သားတဲ့ ခေါင်းဆောင်မှု ကိုလည်း ချီုးကျူးတယ်၊ မြန်မာနိုင်ငံနဲ့ မိတ်ဆွေရင်းခြာ နိုင်ငံ ဖြစ်ချင်တယ်လို့ ပြောပါတယ်။
“သန့်ရှင်းလွတ်လပ် တရားမျှတတဲ့၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် အမေရိကန်နဲ့ မိတ်ဆွေ နိုင်ငံအဖြစ် အတူတူ လက်တွဲနိုင်မယ်၊ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်” လို့ သူက ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ အပေါ်မှာ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေနဲ့ တောရောမြို့ပါ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်ဖို့ ကိစ္စတွေကို ကူညီချင်တယ်လို့ ပြောတယ်။
သူတို့ ၂ ယောက် စကားပြောချိန်ဟာ ၉ မိနစ်ပဲ ကြာတာပါ။ ဒါပေမယ့် တယောက်နဲ့ တယောက် ရင်းနှီးချစ်ခင်မှုတွေတော့ မြင်တွေ့နေရပါတယ်။
မစ္စ ကလင်တန် ပြောအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတကြီး အိုဘားမား၊ ဟီလာရီ ကလင်တန်နဲ့ အမေရိကန် အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်း ပြန်လည် ပြောဆိုပါတယ်။
အဲဒီနောက်မှာတော့ ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သိုင်းဖက်လိုက်တယ်။ သူတို့နှစ်ဦး တဦးကို တဦး စိုက်ကြည့်လိုက် ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းတွေမှာ တင်နေတဲ့ အပြုံးတွေက အစစ်တွေဆိုတာ မြင်တဲ့သူတိုင်း သိနိုင်တဲ့ အနေအထားပါ။ သူတို့ နှစ်ဦးစလုံး အသံ ထွက်တဲ့အထိ ရယ်လိုက်ကြတာပါ။
နှစ်ဦးစလုံးရဲ့ မျက်ဝန်းတွေမှာ အရည်လဲ့ပြီး တောက်ပနေကြတယ်။ မကြာခင် ခွဲခွာရတော့မယ့် ညီအစ်မတွေလို တဦးကို
တစ်ဦး ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြတယ်။  ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အစ်မရင်း တယောက်လို နှုတ်ဆက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေက ဟီလာရီ ကလင်တန်ရဲ့ လက်တွေကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားတယ်။ ဟီလာရီ ကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သိုင်းဖက် ထားတယ်။
နိုင်ငံ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်မှာ ဟန်ဆောင်မှုမပါတဲ့ ရိုးသား ဖြူစင်မှုတွေကို တွေ့မြင်နေရပါတယ်။
သတင်းထောက် အားလုံးက ဒီမြင်ကွင်းကို အမိအရ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေကြတယ်။ တချို့ သတင်းထောက် တွေက ဓာတ်ပုံရိုက်ဖို့ မေ့ပြီး ငေးကြည့် နေကြတယ်။
မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

ရွှေည၀ါဆရာတော် ဟီလာရီ ကလင်တန်နှင့်တွေ့စဉ် ပြည်တွင်းစစ်ကြောင့် လူမှုဒုက္ခများကို အသိပေး



Prominent monk focused on ethnic civil war
ဒီဇင်ဘာ ၂၊ ၂၀၁၁ (YPI)

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နှင့် ပြည်တွင်းမှ လူမှုအဖွဲ့အစည်းမှပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် ရွှေည၀ါဆရာတော်က ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသည့် အဖြစ်အပျက်များကို အဓိကထား အသိပေးပြောဆိုလိုက်သည်။

ဆရာတော်သည် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နှင့် တွေ့ဆုံသည့် သတင်းစာဆရာ လူမှုရေး ကူညီသူများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀ ဦးအနက်တဦး အပါအ၀င်ဖြစ်သည်။

ဆရာတော်က “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီး ဦးသိန်းစိန်တို့ မသိသေးတဲ့ တကယ့်အဖြစ်မှန်ကို ဘုန်းကြီးသိထားပါတယ်လို့” နိုင်ငံခြားရေး ၀န်ကြီးအား အသိပေးပြောဆိုခဲ့သည်။

၎င်းက ဗန်းမော်တွင် မိတကွဲ ဖတကွဲ ကမ့်ထဲ ရောက်ရသည့် သက်ကြီးရွယ်အိုများ၊ တောထဲတောင်ထဲ ပြေးလွှားစားသောက်နေရသည့် အခြေအနေအားလုံးကိုပြောပြခဲ့သည်ဟု ဆိုသည်။ ဆရာတော်ကပင် “အဓိကက ပြည်တွင်းငြိမ်းချမ်းရေး အများကြီးလိုတယ်၊ ဗြဟ္မစိုရ် တရားထွန်းကားတယ်ဆိုတဲ့ ဘုန်းကြီးတို့နိုင်ငံမှာ ဇီဝိတ ကရုဏာဆိုတဲ့ တရားချိုးဖောက်ခံရဆုံးကလည်း ဘုန်းကြီးတို့ နိုင်ငံပဲ” ဟု ပြောပြခဲ့သည်လည်း ပြောသည်။

ဆရာတော် ပြောဆိုသည်များကို ဟီလာရီ ကလင်တန်က စကားပြန်မှ တဆင့် အာရုံစိုက်နားထောင်ပြီး ခေါင်းညိတ်သည်ဟု လည်းဆရာတော်က ပြောသည်။

ဟီလာရီ ကလင်တန်နှင့် ယနေ့တွေ့ဆုံသူ ၁၀ ဦးတွင် အန်အယ်ဒီ အိတ်ခ်ျအိုင်ဗီဝေဒနာသည် ကူညီသူ မဖြူဖြူသင်း၊ သတင်းစာဆရာ မောင်ဝံသ၊ နာရေး ကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ မြန်မာအီးဂရက်စ်မှ ဒေါက်တာနေ၀င်းမောင်၊ ဗေဒါအခမဲ့စာသင်ကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ မလှလှစိုး၊ ၈၈ မျိုးဆက်ကျောင်းသား မဇင်မာအောင်၊ Generation Wave မှ ကိုဇေယျာသော်၊ လူရွှင်တော် ဇာဂနာတို့ ဖြစ်သည်။

မဖြူဖြူသင်းက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံမှုအပေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ သွားနေသည့်အချိန်တွင် ဒီမိုကရေစီ တိုင်းပြည် နိုင်ငံကြီးမှ လာရောက်သည့်အတွက် အကောင်းမြင်ကြောင်းနှင့်ု့ “မြန်မာပြည် အပြောင်းအလဲဖြစ်နေတဲ့ အချိန်မှာရောက်လာတဲ့ အတွက် ကျွန်မတို့အတွက် အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်တယ် ”ဟုပြောသည်။

သတင်းစာဆရာ မောင်ဝံသက “မြန်မာပြည်မီဒီယာ နှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့အကြောင်းနဲ့ လေ့ကျင့်သင်ကြားဖို့လိုအပ်တဲ့အကြောင်း၊ အကျဉ်းကျ မီဒီယာသမားတွေ အမြန်ဆုံးလွတ်မြောက်ဖို့ ၀ိုင်း ၀န်းဆောင်ရွက်ဖို့ အကြောင်းပြောခဲ့တယ်” ဟု YPI သို့ပြောသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် နှစ်ပေါင်း ငါးဆယ်ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သည့် အမေရိကန် အစိုးရခေါင်းဆောင် တဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဟီလာရီသည် ယနေ့နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ နေ့ခင်းပိုင်းတွင် ယခုလို လူမှုရေး နယ်ပယ်မှ ပုဂ္ဂိုလ် များနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ။

ယနေ့မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးအပါအဝင် မြန်မာပြည်တွင်း လူမှုရေးလုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်များနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့တွေ့ဆုံ..


ဓာတ်ပုံ... AP
ယနေ့မနက်ပိုင်းက ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးနှင့်  မြန်မာပြည်တွင်း လူမှုရေးလုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်များနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  Hillary Clinton တို့တွေ့ဆုံခဲ့ကြပါတယ်..။

သတင်း ဆက်လက်ဖော်ပြပါမည်...။

Thursday, December 1, 2011

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဟီလာရီ ကလင်တန် သွားရောက်ဆွေးနွေး – Clinton visits Daw Suu’s house

မိုးမခအထောက်တော် အမှတ် ဝဝ၁
ဒီဇင်ဘာ ၂၊ ၂ဝ၁၁
ဓာတ်ပုံများ – AFP

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် နှင့် လက်ထောက်များသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကြသည်။

ယမန်နေ့ညကလည်း ကလင်တန်က ဒေါ်စုကို ဖိတ်ကြားပြီး ညစာစားစဉ် စကားပြောဆိုခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ ပြောဆိုရာတွင် ကလင်တန်၏ နေပြည်တော် ခရီးစဉ်အကြောင်း ပါဝင်သည်ဟု သိရသည်။
ရန်ကုန်မှ သတင်းသမားများကလည်း ယနေ့နံနက် ဒေါ်စုအိမ်တွင် မြန်မာ့ဒီမိုကရေစီအရေး ဆွေးနွေးသည့် သတင်းသည် ကလင်တန်၏ နေပြည်တော်ဆွေးနွေးပွဲထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ပြောဆိုနေကြကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက ပြောသည်။
ကမ္ဘာကျော်အမျိုးသမီးများဖြစ်သည့် ကလင်တန် နှင့် ဒေါ်စုတို့ နှစ်ဦး တွေ့ဆုံသည့် ဓာတ်ပုံများမှာ ဖေ့စ်ဘုတ်တွင် လက်ဆင့်ကမ်း ပေးပို့ ကြည့်ရှုနေကြကြောင်း တွေ့ရသည်။
အင်တာနက်တွင် တွေ့ရသော ယနေ့နံနက်ပိုင်း ဆွေးနွေး ဓာတ်ပုံများတွင် NLD မှ တခြားခေါင်းဆောင်များ ပါဝင်ခြင်း မရှိပေ။ ဒေါ်စုနှင့် ဆွေးနွေးနေသည့်ပုံများတွင် ကလင်တန် နှင့် အမေရိကန် နိုင်ငံခြားရေးဌာနမှ အရာရှိကြီးများ ပါဝင်ကြောင်း တွေ့ရသည်။

မင်းတုန်းမင်းမှ ဟီလာရီ ကလင်တန် အထိ

မြန်မာ – အမေရိကန် ဆက်ဆံရေး
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။
၁၉၅၅ ခုနှစ်က ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်(အလယ်ရှိ ဂုဏ်ပြုတပ်ဖွဲ့ဝင် အနောက်ဘက်) နှင့် မြန်မာ ၀န်ကြီးချုပ် ဦးဘဦး(ဓာတ်ပုံ - Life Magazine)
နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။
စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။
မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း
၁၉၅၃ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်ကို ရွှေတိဂုံ ဘုရားတွင်တွေ့ရစဉ်

၁၈၅၆ ခုနှစ် ။  ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။
၁၈၅၇ ခုနှစ် ။  ။ ဘူချာနန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။
၁၉၄၈ ခုနှစ် ။  ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။
၁၉၄၈-၅၃ ခုနှစ် ။  ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။
၁၉၅၀ ပြည့်နှစ် ။  ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။
၁၉၅၅ ခုနှစ်တွင် တွေ့ရသော မြန်မာ ၀န်ကြီးချုပ် ဦးနု နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန် ဖော်စတာ ဒါးလက်စ်
၁၉၅၃ ခုနှစ် ။  ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။
၁၉၅၅ ခုနှစ် ။  ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် ။  ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။
၁၉၅၇ ခုနှစ် ။  ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။
၁၉၅၅ ခုနှစ် က ၀ါရှင်တန်တွင် အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင် နှင့် ၀န်ကြီးချုပ် ဦးနုကိုတွေ့ရစဉ်
၁၉၅၆-၆၄ ခုနှစ် ။  ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။
၁၉၆၆ ခုနှစ်က အာဏာရှင် ဦးနေ၀င်း နှင့် အမေရိကန် သမ္မတ လင်ဒန် ဘီ ဂျွန်ဆင် တို့ လက်ဆွဲ နှုတ်ဆက်နေစဉ်
၁၉၆၆ ခုနှစ် ။  ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။
၁၉၇၄ ခုနှစ် ။  ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။
၁၉၈၂ ခုနှစ် ။  ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။
၁၉၈၈ ခုနှစ် ။  ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။
၁၉၈၈ ခုနှစ် ။  ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုး ကျောင်းသားစခန်းသို့လာရောက်လည်ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာသူများအတွက် နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကတိပေး ပြောကြား သည်။
၁၉၉၀ ပြည့်နှစ် ။  ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။
၁၉၉၅ ခုနှစ် က တွေ့ရသည့် ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံတမန် မက်ဒလင်း အောလ်ဘရိုက် နှင့် ဒေါ်အောင်ဆန်းစုကြည်
၁၉၉၄ ခုနှစ် ။  ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။
၁၉၉၅ ခုနှစ် ။  ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။
၁၉၉၇ ခုနှစ် ။  ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။
၁၉၉၇ ခုနှစ် ။  ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။
၂၀၀၃ ခုနှစ် ။  ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာကို အရေးယူပိတ်ဆို့သည့် JADE Act ကို အမေရိကန် သမ္မတ ဂျော့ ဘုရှ် လက်မှတ်ထိုး အတည်ပြုနေစဉ်
၂၀၀၅ ခုနှစ် ။  ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။
၂၀၀၇ ခုနှစ် ။  ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။
၂၀၀၈ ခုနှစ် က အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံနေစဉ်
၂၀၀၈ ခုနှစ် ။  ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။
၂၀၀၈ ခုနှစ် ။  ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။
၂၀၀၈ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။
၂၀၀၉ ခုနှစ် တွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံသည်
၂၀၀၉ ခုနှစ် ။  ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။
၂၀၀၉ ခုနှစ် ။  ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ် ။  ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။
မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ။  ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။
၂၀၁၁ ခုနှစ် ။  ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။
၂၀၁၁ ခုနှစ် ။  ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ ထိပ်သီး ညီလာခံ၌ အမေရိကန်သမ္မတ အိုဘားမား ၏ နောက်တွင် ရပ်နေသော သမ္မတ ဦးသိန်းစိန်ကိုတွေ့ရစဉ်
၂၀၁၁ ခုနှစ် ။  ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်။
မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။
၂၀၁၁ ခုနှစ် ။  ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍသစ် တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

ဧရာဝတိ ဝက်ဆိုက်မှ ကူးယူတင်ပြပါသည်၊

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes